(RFA) ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စစ်ဆင်ရေးတွေကြောင့် ထွက်ပြေးလာတဲ့ ကရင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံဖက် ပြန်ပို့မယ်လို့ ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ပေးဖို့ ဗြိတိန်ပါလီမန် အမတ်တွေက မတ်လ ၁၇ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ထိုင်းအစိုးရရဲ့ ရပ်ဆိုင်းထားလိုက်ပြီးဖြစ်တဲ့ ကရင်ဒုက္ခသည် နေရပ်ပြန်ပို့ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး နောက်ထပ် ပြန်ပို့ရေး ဖြစ်မလာစေဖို့ ဗြိတိန်ပါလီမန်အမတ် ၃၉ ဦးက လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်တာပါ။

ဒီလို ပါလီမန်တောင်းဆိုမှုမှာ ထိုင်းအစိုးရအနေနဲ့ ကရင်ဒုက္ခသည် ၃ ထောင်ကျော်ကို မြန်မာပြည် ပြန်ပို့ဖို့ လုပ်ဆောင်ခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်း၊ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက ဖိနှိပ်နှောင့်ယှက်တာတွေ ရှိနေတာကိုလည်း ရပ်တန့်ပေးဖို့ တောင်းဆိုကြောင်းတွေ ပါဝင်တယ်လို့ ဗြိတိန်နိုင်ငံမှာ မြန်မာအရေး ဆောင်ရွက်နေတဲ့ အဖွဲ့က မမေရီ သန္ဈာထွန်းက RFA ကို ပြောပါတယ်။

“ထိုင်းအစိုးရက အခု ဒီ ဒုက္ခသည်တွေကို ယာယီ ပြန်ပို့ခြင်းကိုတော့ ခဏ ရပ်ဆိုင်းထားတယ် ဆိုပေမဲ့လည်း သူတို့ အခြေတကျ ဖြစ်တဲ့အထိ ဒီနေရာမှာ ဆက်ပြီးတော့ လက်ခံထားဖို့ နောက်ပြီးတော့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက အဲဒီမှာ ပြန်ပြီးတော့ လက်ခံထားတယ် ဆိုပေမဲ့လည်း သူတို့တွေက ပြန်မပို့ဘူးလို့တော့ အပြည်ပြည်ဆိုင်ရာကို တရားဝင် ကြေညာထားတယ်။ ဒါပေမဲ့လည်း တခြား ဖိအားပေးမှုတွေ အမျိုးမျိုးနဲ့ ဒုက္ခသည်တွေ အဲဒီနေရာမှာ နေလို့မရအောင် အခြေအနေတွေ တွန်းပို့နေတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း ရပ်တန်းက ရပ်ဖို့ ဒီ ပါတီ ခုနစ်ခုကနပြေီးတော့ပေါ့နော်၊ political party ခုနစ်ခုက ပါလီမန်အမတ် ၃၉ ယောက်က အခု ဆိုင်းထိုးပြီးတော့ ဒီဟာကို ထောက်ခံထားပါတယ်ရှင့်။”

ဒီပါလီမန်အမတ် တောင်းဆိုမှုကို ဦးဆောင်ခဲ့တဲ့ Mr. Lembit Opik က ကရင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံဖက် အတင်းအကျပ် ပြန်ပို့တာဟာ လူသားမဆန်ရုံတင်မက နိုင်ငံတကာ ဥပဒေတွေအရ တရားဝင်မှု မရှိနိုင်ကြောင်း၊ ဒီလို နယ်စပ်ဒေသကို ပြန်ပို့တာဟာလည်း တကယ်တမ်း ဒုက္ခသည်တွေကို သေတွင်းကို ပြန်ပို့တာနဲ့ တူနေကြောင်း ပြောကြားခဲ့ပါတယ်။