(ဧရာဝတီ) အင်းစိန် အကျဉ်း ထောင်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံထားရသော ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုညီညီအောင်ကို စစ်အစိုးရ အာဏာပိုင်များက ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ဧရာဝတီသို့ ပြောသည်။

“နေ့လယ် ၁၂ နာရီမှာ အဒေါ်တို့ တွေ့ရတယ်၊ ၁ နာရီမှာ သူလက်မှတ် ထိုးတယ်၊ တခါတည်း လေဆိပ်ကို တန်းဆင်းတယ်၊ အခု လေဆိပ် ထဲဝင်သွားပြီး ၂ နာရီ ၄၀ မှာ လေယာဉ် ထွက်မယ် ဘန်ကောက် ကနေတဆင့် အမေရိကန်ကို သွားမယ်”ဟု၎င်းက ပြော သည်။

ယင်း လွတ်မြောက်ရေး အတွက် အမေရိကန် သံရုံးမှ တာဝန် ရှိသူများက ဆောင်ရွက် ပေးခဲ့သည် ဟုလည်း ဒေါ်ခင်ခင်ဆွေက ဆို သည်။

ကိုညီညီအောင်သည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်း သည်။

သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာ ဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာတွင် စွပ်စွဲခဲ့သည်။

ထို့နောက်ပိုင်းတွင် စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားအတု ကိုင်ဆောင်မှု ပုဒ်မ (၄၆၈)၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁)၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်း နယ်စပ် သို့ရှောင်တိမ်းလာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)တွင် ခေတ္တပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။ ကိုညီညီအောင်၏ မိခင် အပါအဝင် မိသားစုဝင် ၅ ဦးသည်လည်း နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။

အလားတူပင် ၂၀၀၉ ခုနှစ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက် မှုဖြင့်ထောင် ၇ နှစ် ပြစ်ဒဏ်ချ မှတ်ခံထားရသော အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်၏ တောင်းဆိုမှုအရ ပြန်လည် လွှတ်ပေးခဲ့သည်။