(RFA) သပိတ်ကျင်းမြို့နယ် ကိုးပင်ရွာနေ ဦးဘုန်းကျော်ရဲ့သား၊ စစ်သားလုပ်ဖို့ စုဆောင်းခံခဲ့ရတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝင်းနောင်ဟာ ၄ လကျော် စစ်တပ်ထဲမှာ နေခဲ့ရပြီးတဲ့နောက် အိုင်အယ်လ်အိုနဲ့ ကလေးစစ်သားအရေး ကူညီဖြေရှင်းပေးနေတဲ့ လူမှုရေးအဖွဲ့တွေကြောင့် စစ်တပ်က ထွက်ခွင့်ရပြီး မိဘရပ်ထံကို မတ်လ ၁၅ရက်နေ့ညက ပြန်ရောက်လာတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ၇ မိုင် လေ့ကျင့်ရေးတပ်ရင်း အမှတ် ၂ ကနေ သားဖြစ်သူကို ပြန်ခေါ်ခွင့်ရခဲ့ တဲ့ဖခင်ဖြစ်သူက စစ်တပ်ကို ပိုက်ဆံ ၃ သောင်းခွဲပေးလိုက်ကြောင်း RFAကို ခုလိုပြောပါတယ်။ မောင်ဝင်းနောင်ရဲ့ဖခင် ဦးဘုန်းကျော်က ခုလိုပြောပြပါတယ်။

“လက်မှတ်တွေ ထိုးခဲ့ရတာကို အစောင်ပေါင်း ၃၀ လောက် ထိုးခဲ့ရတယ်။ မိဘတွေ မှတ်ပုံတင်တွေ သားရဲ့ မှတ်ပုံတင်တွေရော အကုန်စစ်တယ် သူတို့က။ မယကတွေရော မိခင်နဲ့ ကလေးစောင့်ရှောက်ရေးတွေရော တိုင်းက ဗိုလ်ကြီးတွေရော ဓာတ်ပုံတွေ ရိုက်ပြီး လုပ်ပေးလိုက်တာပဲ။ ကျနော့်ကို ဘာမှ အနှိပ်စက်တော့ မခံရဘူးတဲ့ ပြန်ခေါ်ခဲ့တော့သူတို့ က ဘာပြောလဲဆိုတော့ ခင်ဗျား လုံးဝကို မတရားဘူးတဲ့ ပြောတယ်။ မတရားသဖြင့် တိုင်တာလို့ ပြောတယ်။ ခင်ဗျားတို့သားတွေကို ကျနော်တို့က မတရားသဖြင့် ခေါ်တာမဟုတ်ဘူလို့ ပြောတယ်ဗျ။ ၃သောင်းခွဲရတယ်ဗျ။ မနေ့က ဓာတ်ပုံရိုက်တာတွေ ၅ထောင် ပေးထားခဲ့ရတယ်။ ကျနော်တို့ကို ၃သောင်း ပေးလိုက်တယ်။”

မောင်ဝင်းနောင်ကို ခေါ်သွားကတည်းက သပိတ်ကျင်း လေ့ကျင့်ရေးတပ်မှာ ထားတာ ဖြစ်ပေမဲ့ အစပိုင်း လိုက်ရှာတုန်းကတော့ အဲဒီတပ်က မရှိဘူးပြောလွှတ်လိုက်ပြီး အခုအိုင်အယ်လ်အိုကို တိုင်လိုက်တော့မှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ကလေး ပြန်ရဖို့ကိစ္စ ဆောင်ရွက်ခဲ့ရပုံကို အကူအညီပေးခဲ့တဲ့ သပိတ်ကျင်းမြို့က အန်အယ်လ်ဒီအဖွဲ့ဝင် ဦးအေးသိန်းက ခုလို ရှင်းပြပါတယ်။

“ကလေးပြန်ရဖို့ ကြိုးစားတာကတော့ ကျနော်တို့ပဲခူးမြို့က အဘ ဦးအေးမြင့်နဲ့ ဆက်သွယ်ပြီးတော့ကာမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို အကြောင်းကြားစာတွေ ပို့တာပေါ့နော။ အိုင်အယ်လ်အိုရဲ့ ဆက်သွယ်ရေး ညှိနှိုင်းရေးအရာရှိ စတိဗ် မာရှယ်ဆီကို ကျနော်တို့က အကြောင်းကြားစာ ရောက်အောင် ပို့ရတာပေါ့။ ရန်ကုန်ရောက်အောင်လေ၊ လူကြီးချင်း လူကြီးချင်း ပြောတဲ့သဘောမှာ ရှိပါတယ်။ အဲဒီမှာ ပထမ တပ်ကနေ ဗိုလ်ကြီးမြင့်ဆွေ ရောက်လာတယ် ခင်ဗျားသားက ဒီတိုင်းဆို ကွန်ဖန်းဖြစ်တယ်၊ ကျနော်တို့ လွှတ်ပေးရမှာပါပေါ့၊ လွန်ခဲ့တဲ့ ၂လ လောက်က ဒါက မနေ့က လွှတ်လာတာပဲ၊ ကလေးက သပိတ်ကျင်းမြို့နယ်ရဲ့ အရွယ်မရောက်သေးတဲ့ ကလေး စစ်သားကိစ္စ ပထမဦးဆုံးအကြိမ် ကျနော်တို့ရဲ့ကြိုးပမ်းမှု အောင်မြင်တယ် ပြောရမှာပေါ့နော်။”

၂၀၁၀ နှစ်ဆန်းပိုင်းအတွင်း အိုင်အယ်လ်အို ရန်ကုန်ရုံးခွဲကို တိုင်ကြားခဲ့တဲ့အတွက် မောင်ဝင်းနောင် အပြင် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က မောင်ဇော်မင်းပိုင်၊ ပဲခူးမြို့က မောင်ဝေဦးချို၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မောင်ကျော်မင်းထွန်း၊ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့နယ် မောင်အောင်မင်းသူနဲ့ ပဲခူးမြို့ အင်းဝင်ရပ်ကွက်က ၉ တန်း ကျောင်းသား မောင်တင်မျိုးတင်တို့ဟာလည်း သူတို့ရဲ့ မိဘရင်ခွင်ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။