(ခေတ်ပြိုင်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) အသင်းဝင်ကတ်ပြားများ ပြုလုပ်ရန် စမ်းချောင်းမြို့နယ်နေ ပြည်သူများအား သက်ဆိုင်ရာ ရယကတို့က လိုင်စင်ဓာတ်ပုံများ အဓမ္မရိုက်ယူလျက်ရှိကြောင်း သိရသည်။

“အိမ်တိုင်းမှာရှိတဲ့ လူစေ့ပါပဲ။ (၁၈) နှစ် အထက်ကနေ အသက် (၇၀-၈၀) အရွယ်တွေအထိ ပါတယ်။ ရယကတွေက ယာယီအိမ်ထောင်စုစာရင်းတွေကိုင်ပြီး မိသားစုတယောက်စီကို အိမ်အပြင်ခေါ်ထုတ်တယ်။ ပြီးတော့ ဘာမပြောညာမပြောနဲ့ တဦးချင်းကို မတ်တတ်ပဲ ဓာတ်ပုံရိုက်ယူနေတယ်” ဟု ဟုမ်းလမ်းရပ်ကွက် နေထိုင်သူတို့က ပြောသည်။

ရယကများက ထိုသို့ ဓာတ်ပုံများ ရိုက်ပေးနေရာတွင် ဓာတ်ပုံဖိုးတောင်းခံမှု မရှိကြောင်း၊ အမိန့်ပေး ဆက်ဆံခြင်းမျိုးလည်း မရှိကြောင်း၊ သို့သော် အဆိုပါအပြုအမူအပေါ် ရပ်ကွက်သားအများစုက ကျေနပ်မှုမရှိဘဲ ဓာတ်ပုံအရိုက်မခံကြကြောင်း၎င်းတို့၏ပြောကြားချက်အရ သိရသည်။

စမ်းချောင်း သီရိခေမာရပ်ကွက်တွင် နေထိုင်သူတို့ကလည်း “ခွင့်မတောင်းဘဲ အဲလိုတွေဓာတ်ပုံရိုက်တော့ ရပ်ကွက်က ရုတ်တရက် လန့်သွားတာပေါ့။ ပြီးတော့ မေးမြန်းကြည့်တော့မှ ကြံ့ဖွံ့အင်အား ပြည့်မီအောင် စွမ်းဆောင်နိုင်မှ ရပ်ကွက်အတွက် ကတ္တရာလမ်း ခင်းပေးမယ်လို့ မြို့တော်ဝန်က မှာသွားတယ်။ ဒါကြောင့် အသက်ပြည့်သူတိုင်း ကြံ့ဖွံ့အသင်းဝင်ကတ်ပြား လုပ်ပေးဖို့ ဓာတ်ပုံရိုက်ပေးနေတာလို့ ရယကတွေက ဖြေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်မတ်လ ဒုတိယပတ်က ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် စမ်းချောင်းမြို့နယ်၊ လင်းလွန်း/တောင် ရပ်ကွက်၊ သီရိခေမာရပ်ကွက်နှင့် ဟုမ်းလမ်းရပ်ကွက် (၃) ခုသို့ လှည့်လည်ကြည့်ရှုကာ ကျောက်ချောကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ရေး၊ လမ်းဘေးရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရေဆိုးအုတ်ရေမြောင်းများ ပြုလုပ်ထားရှိရေးတို့ကို ဒေသအာဏာပိုင်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရပ်ကွက်ရယကရုံးတို့တွင် တွေ့ဆုံပွဲများပြုလုပ်ပြီး ကြံ့ဖွံ့အင်အားကို ရနိုင်သမျှ စုဆောင်းပေးရန်၊ ကြံ့ဖွံ့ အသင်းအဖွဲ့ အတွင်း မဝင်မနေရပုံစံမျိုး စည်းရုံးသိမ်းသွင်းရန် ဒေသအာဏာပိုင်တို့အား မြို့တော်ဝန်က မှာကြားသွားခဲ့သည်ဟု သီရိခေမာရပ်ကွက် ရယက ရာအိမ်မှူးတဦးက ဆိုသည်။

“ဟုမ်းလမ်းရပ်ကွက်မှာ မြေသား (၅) လမ်း ခင်းဖို့ ကျန်သေးတယ်။ သီရိခေမာရပ်ကွက်မှာ အဆင့်မမီတော့တဲ့ ကတ္တရာ လမ်းဟောင်းတွေ ရှိနေတယ်။ လင်းလွန်း/တောင် ရပ်ကွက်၊ ကြည့်မြင်တိုင်ဘူတာ အနောက်ဘက် ရထားသံလမ်းဘေးက လမ်းတွေကိုလည်း အဆင့်မြင့်ကတ္တရာတွေ ခင်းပေးမယ်လို့ မြို့တော်ဝန်က ပြောသွားတယ်။ ဒါပေမယ့် လမ်းဖြစ်မြောက်ရေး မစတင်မီမှာ ကြံ့ဖွံ့အင်အားစာရင်း လာရောက်တင်ပြရမယ်လို့ မှာသွားတယ်။ အဲဒီအတွက် မတ် (၁၅) ရက်နေ့ည၊ ရယကရုံးမှာ အစည်းအေဝးလုပ်တယ်” ဟု ရယက အတွင်းရေးမှူးတဦးက ဆိုသည်။

ကြံ့ဖွံ့အသင်းဝင် ကတ်ပြားပြုလုပ်ရန် လိုအပ်သော အချက်အလက်များအတွက် ရယကရုံးများတွင် လက်ခံရရှိခဲ့သည့် ယာယီသန်းခေါင်စာရင်း မိတ္တူများ၊ ယခင် မှတ်ပုံတင်ပြုလုပ်ခဲ့စဉ်က ကိုယ်ရေးအချက်အလက်များမှ ရယူလိမ့်မည်ဟု ရပ်ကွက်သားတို့က ထင်ကြေးပေးနကြေသည်။