(ဧရာ၀တီဝ အင်တာနက်မှ တဆင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အဆိုးဝါးဆုံး ချိုးဖောက်သော နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။

နည်းပညာ ထိန်းချုပ်မှုနှင့် အသုံးပြုမှု စရိတ် ကြီးမြင့် ခြင်းကြောင့် အင်တာနက်ကို နိုင်ငံသားများ အလွယ်တကူ သုံးစွဲနိုင်ခွင့် မရ စေရန် ကန့်သတ် ထားကြောင်း၊ အင်တာ နက်သုံးစွဲသူ (Netizen) များကို စစ်အစိုးရက ရန်သူဟု သတ်မှတ်ကြောင်း ပြင်သစ် အခြေစိုက် RSF က ပြီးခဲ့သည့် သောကြာ နေ့တွင် ထုတ်ပြန်သော “အင်တာနက်၏ ရန်သူများ ၂၀၁၀ အစီရင်ခံစာ”၌ ဖော်ပြ ထားသည်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုများ နိုင်ငံတကာသို့ ပျံ့နှံ့သွား ပြီးနောက် ပြည်တွင်း စာနယ်ဇင်းများနှင့် ဘလော့ဂါများကို စစ်အစိုးရက သတိထား စောင့်ကြည့် လာသည့် အချက်ကိုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

လာမည့် ရွေးကောက်ပွဲလှုပ်ရှားမှု ကာလများအတွင်း အင်တာနက်ကို ပိုမို ထိန်းချုပ်လိမ့်မည်မှာ သေချာကြောင်း ပြည်တွင်း နည်းပညာသမားများနှင့် ဘလော့ဂါများက ဆိုသည်။

“ဟိုအရင်ကလိုပဲ အင်တာနက် နှုန်းကို နှေးပစ်လိမ့်မယ်၊ လှုပ်လှုပ်ရှားရှားဖြစ်လာရင် တချို့ ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်လိမ့် မယ်”ဟု ဘလော့ဂါတဦးက ပြောသည်။

တခြားဘလော့ဂါတဦးကမူ အင်တာနက်လိုင်းများ နှေးပစ်သည့်တိုင် စိတ်ရှည်လက်ရှည် သုံးရမည်သာဖြစ်ကြောင်း၊ တင်းကျပ် ထားသည်မှာ ကြာပြီဖြစ်၍ ထိုသို့သုံးရသည်မှာလည်း အသားကျနေကြောင်း ပြောပြသည်။

အင်တာနက်ဆာဗာများကို ရတနာပုံတယ်လီပို့က လွှဲပြောင်းယူခဲ့ပြီးနောက် ရွေးကောက်ပွဲကာလ၌ စနစ်တကျ ထိန်းချုပ်သွား ရန် ပြင်ဆင်နေသည်ဟု သိရကြောင်း အိုင်တီနည်းပညာရှင် တဦးက ဆိုသည်။

ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံအပါအဝင် အင်တာနက်၏ ရန်သူ နိုင်ငံများမှာ ဆော်ဒီအာရေးဗီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ ကျူးဘား၊ အီဂျစ်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ ဆီးရီးယား၊ တူနီးရှား၊ တာခမန်နစ္စတန်နှင့် ဗီယက်နမ် တို့ဖြစ်သည်။

စစ်အစိုးရသည် ၁၉၉၆ ခု တွင် အီလက်ထရွန်နစ် ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ယင်း ဥပဒေအတပ်ခံရသူများအနက် ထင်ရှားသူ များမှာ ထောင်ဒဏ် နှစ်ရှည် ချခံထားရသော ဘလော့ဂါနေဘုန်းလတ်နှင့် လူရွှင်တော် ကိုဇာဂနာတို့ဖြစ်သည်။

အီးမေးလ်အသုံးပြုခြင်း မှတဆင့် လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှုကြောင့် အီလက်ထရွန်နစ် ပုဒ်မအပါအဝင် သေဒဏ်အထိ ချမှတ်ခံရသော အစိုးရဝန်ထမ်း ၂ ဦးမှာ စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်းစာရေး ကိုသူရကျော် (ခ) အောင်အောင်တို့ ဖြစ်သည်။

RSF အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ ၂ သိန်းခွဲခန့်ရှိကြောင်း သိရသည်။