မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား(BBC) မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆိုးရွားလွန်းလှပြီး တချို့ဆိုရင် လူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ Crime against Humanity အဆင့်ကိုတောင် ရောက်နေတဲ့ အတွက် ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင် စေလွှတ် စုံစမ်းသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနားက ဆွဇ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တွေကို စံနစ်တကျနဲ့ အကြီးအကျယ် ချိုးဖောက်နေတာ နှစ်နဲ့ချီကြာ နေပါပြီ ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ခံမှု ဆိုတာလည်း မရှိပါဘူး ၊ ဒါဟာ အာဏာပိုင် အဆင့်ဆင့်မှာ မူဝါဒ တရပ်လို ကျင့်သုံးနေတယ် ဆိုတာကို ပြသနေပါတယ်လို့ မစ္စတာ ကင်တားနားက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ရှင်းပြခဲ့ပါတယ်။

စစ်အစိုးရဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေကို ဆက်လက် ကျုးလွန် နေတာကြောင့် ဒီနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ ဟာလည်း အများလက်ခံ ယုံကြည်နိုင်စရာ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကင်တားနားက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တရားမျှတမှုတွေ လိုအပ်နေတာ နှစ်ပေါင်း များစွာ ကြာပါပြီ ၊ ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ အနေနဲ့ တရားမျှတမှု ရှိအောင် လုပ်ရမှာ ဖြစ်တယ်လို့ သူ့က တိုက်တွန်းခဲ့ပါတယ်။

အခုတော့ တရားမျှတမှုနဲ့ ပတ်သက်လို့ ဘယ်သူမှာ တာဝန်ရှိသလဲ ဆိုတာ ဖော်ထုတ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်ရှိနေပါပြီလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းနေတာနဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိနေတာကို မစ္စတာ ကင်တားနားက ထောက်ပြသွားပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ် သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ မစ္စတာကင်တားနားရဲ့ တင်ပြချက်တွေကို အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေ အဖြစ်နဲ့ တုန့်ပြန် ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးရမယ်ဆိုတဲ့ အချက်ကိုတော့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို တက်ရောက်နေကြတဲ့ အာရှ နိုင်ငံတွေ အပါအဝင်က ကိုယ်စားလှယ်တွေကတညီတညွတ်ထဲ သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။