သတင်းစာဆရာ ဟံသာ၀တီ ဦး၀င်းတင်ရဲ့ စာမျက်နှာ ၃၁၈ မျက်နှာပါရှိပြီး ရက်ပေါင်း ၇၀၀၀ ကျော် ထောင်တွင်း အတွေ့အကြုံများကို ရေးသားတင်ပြထားတဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်ကို ဆရာကြီးရဲ့ အသက် (၈၀) ပြည့် မွေးနေ့ (၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်နေ့) မှာ စတင်ထုတ်ဝေ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဒီမိုကရက်တစ် မြန်မာ့အသံ က စီစဉ်ထုတ်ဝေပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က တာ၀န်ယူ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ အခန်းငယ် ၁၀ ခန်းနဲ့ ဆောင်းပါးပေါင်း ၄၂ ပုဒ် ပါ၀င်ပါတယ်။

ဆရာက မကြောက်တရားကို အခြေခံပြီး ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ပွင့်ပွင့်လင်းလင်း မကွယ်မ၀ှက် ဖွင့်ချဖေါ်ပြထားပါတယ်။ ဒါ့အပြင် “ထောင်ကျတဲ့ နိုင်ငံရေးမလုပ်ဘူး၊ ထောင်ကျတဲ့ လှုပ်ရှားမှု မလုပ်ဘူးဆိုတဲ့ ထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက် ထောင်ချခံရသူတွေ ယုံကြည်ချက်အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုးအတွက် ထောင်ကျခံရသူတွေ၊ လူထုအုံႂကွမှုအတွက် ထောင်ကျခံရသူတွေ၊ အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခံရသူတွေ၊ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ရသူတွေကို ရှုတ်ချတာပဲ၊ စော်ကားတာပဲ” ဆိုတဲ့ ဆရာရဲ့ ရဲရင့်ပြတ်သားတဲ့ အမြင်ကိုလည်း ဆရာ့ဆောင်းပါးတွေထဲမှာ တွေ့မြင်ရပါတယ်။

တနိုင်ငံလုံးကို ထောင်ချထားသလို ဖြစ်နေတဲ့ စစ်အစိုးရခေတ် မြန်မာနိုင်ငံမှာ ထောင်ကျတာဟာ အထူးအဆန်းမဟုတ်ကြောင်း၊ ထောင်ကြီးထဲကနေ နှိုင်းယှဉျချက်အရ ပိုမိုကျပ်တည်းတဲ့ ထောင်လေးထဲကို ရောက်သွားခြင်းသာ ဖြစ်တဲ့အတွက် ဘာမှကြောက်စရာမလိုကြောင်း ဆရာက သူ့ဆောင်းပါးတွေနဲ့ သူရဲ့ အမှာစာမှာ ဖေါ်ပြထားပါတယ်။

လူကိုသာ အကျဉ်းချထားလို့ရချင်ရမယ်၊ သူ့ရဲ့ ယုံကြည်ချက်နဲ့ ပြည်သူတွေကို ချစ်တဲ့စိတ်နဲ့ ဒီမိုကရေစီကို ချစ်တဲ့စိတ်တွေကိုတော့ ထောင်ချထားလို့ မရဘူးဆိုတဲ့ အချက်ကို ဆရာရဲ့ စာအုပ်တအုပ်လုံးမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

စာအုပ်၀ယ်ယူလိုသူများဟာ info@aappb.org သို့ ဆက်သွယ်မှာ ယူနိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)

ဆက်သွယ်ရန် —–
ကိုတိတ်နိုင် (အတွင်းရေမှုး)  +၆၆ (၀) ၈၁ ၂ ၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဘက် အတွင်းရေးမှုး)   +၆၆ (၀) ၈၁ ၃၂၄ ၈၉၃၅