Hillary Clinton(BBC) အမေရိကန် နိုင်ငံခြားရေး ဌာနက ကြာသပတေးနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၁၉၄ခုရဲ့ လူ့အခွင့်အရေး ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ ကရင် ၊ ရှမ်း စတဲ့ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်တာတွေ အပါအဝင် လူ့အခွင့်အရေးကို အဆိုးဝါးဆုံး ကျူးလွန်နေတယ်လို့ ဖော်ပြ ထားပါတယ်။

နိုင်ငံရေး အရ အစိုးရကို ဆန့်ကျင်သူတွေ အပေါ်လည်း ထောင်ချတာ ဖိနှိပ်တာတွေ ဆက်ရှိနေဆဲလို့ ရေးထားပါတယ်။

ဒါ့အပြင် ကလေးစစ်သား ကိစ္စ ၊ အလုပ်ကြမ်း ခိုင်းတဲ့ပြဿနာ ၊ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ အစရှိတဲ့ အပေါ် အစိုးရက ကျူးလွန်သူတွေကို အရေးယူတာ မရှိသလောက်ဘဲလို့ ရေးသားထားပါတယ်။

ဒီအစီရင်ခံစာမှာ တရုတ်နဲ့ အီရန်တို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာသလို ဥရောပမှာလည်း မွတ်ဆလင်တွေ အပေါ်ခွဲခြား ဆက်ဆံတယ်လို့ ထောက်ပြထားပါတယ်။

မြောက်ကိုရီးယားနဲ့ ကျူးဘားတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ရှုတ်ချထားပါတယ်။