အပြစ်မဲ့တအာင်းပြည်သူတစ်ဦးကို ပန်ဆေးပြည်သူ့စစ်မှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုအပေါ်  အာဏာပိုင်များမှ ထိထိရောက်အရေးယူဆောင်ပေးခြင်းမရှိ
၂၄ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၂ခုနှစ်

သတင်းထုတ်ပြန်ချက်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးအခြေစိုက် ကျန်လုနှင့် ကျန်ကွေရှင်တို့ ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖားပြန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးဖြစ်သည့် ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား အပြစ်မရှိဘဲ လက်ထိပ်ခတ်ပစ်သတ်ပြီး လူမဆန်စွာ ရက်ရက်စက်မသေမချင်း ရိုက်နှိက်ခဲ့သည်ဟု သိရှိရပါသည်။

၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ မွန်းလွဲပိုင်း (၁)နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးအခြေစိုက် ဗိုလ်မှူးမြတ်ထွန်းလင်း ဦးဆောင်သော ရှေ့တန်းအမှတ် (၅ဝ၇)ခမရ တပ်ရင်း အင်အား(၆ဝ)ခန့်နှင့်  ကျန်လုနှင့်ကျန်ကွေရှင်တို့ ဦးဆောင်သော ပန်းဆေးပြည်သူ့စစ် အင်အား (၂ဝ) ခန့်တို့သည် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖာပြန့်ကျေးရွာသို့ရောက်ရှိလာပြီး ဦးပေါ်ထိန်နေအိမ်သို့ ရွာသားအားလုံး အမျိုးသမီးနှင့် ကလေးပါမကျန် စုဝေးရန် စေခိုင်းခဲ့ပါသည်။

ထိုအချိန်တွင် ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား ပန်းဆေးပြည်သူ့စစ်မှ ရွာသားများအပေါ် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်မည်ကို စိုးရိမ်သဖြင့် အခြေနေမဆိုးဝါးမှီ မိမိအား မိုင်းဝီးဌာနေပြည်သူ့စစ်တပ်ဖွဲ့၏ အရံတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထွက်ဆိုခဲ့ပါသည်။ ထို့နောက် ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကျန်ကွေရှင်မှ မိုင်းဝီးပြည်သူ့စစ်တပ်ဖွဲ့ဝင်မှန်လျှင် ယူနီးဖောင်းဝတ်လာခဲ့ဟု ခိုင်းစေခဲ့သည်။

ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်မှ အိမ်သို့ပြန်ပြီး ယူနီဖောင်းဝတ်ဆင်လာပါသည်။ ၄င်းမှ ယူနီဖောင်းဝတ်ဆင်လာသောအခါ ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကျန်လုမှ ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား လက်နောက်ပြန်လက်ထိတ်ခတ်ပြီး မည်သည့်မေးမြန်းမှုမှမရှိဘဲ ထင်းချောင်းဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ပါသည်။ထို့သို့ရိုက်နှက်ပြီးနောက် မွန်းလွဲ (၂) နာရီတွင် လက်ပြန်လက်ထိပ်ခတ်ထားပြီး ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်၏ ညာတင်းပါးအား သေနတ်ဖြင့်တစ်ချက်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေဒေသခံတစ်ဦးပြောသည်။

“သေနတ်ပစ်ခံရတဲ့ ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား ကိုတော့ ရွာသားနဲ့ဆွေမျိုးတွေကိုတောင် ကြည့်ရှုခွင့်မပြုတဲ့အပြင် ဆေးမှူးတောင် လာရောက်ကုသုခွင့်မပြုတဲ့မပေးဘူး။ သူ့ကို ခမရ တပ်ရင်း(၅ဝ၇) တို့တည်းခိုတဲ့ (ဒေါ်မားဘွတ်) အိမ် လှေခါးအောက်မှာ နောက်ပြန်လက်ထိပ်ခတ်ထားတယ်။ ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၆) နာရီ အချိန်ခန့်မှာ ဦးလုကျန်နှင့် ဦးကျန်ကွေရှင် ဦးဆောင်တဲ့ ပန်းဆေးပြည်သူ့စစ်အပါအဝင် (၃) ဦးရောက်ရှိလာပြီးတော့ ဦးအိုက်ထာက်နိုင်ကို ဒရွတ်တိုက်ဆွဲသွားပြီး ဦးပေါ်ကော်အိမ်အောက်မှာရှိတဲ့ ခြံစည်းရိုးနားမှာ (၂) ယောက်က သူ့ကိုကိုင်ထားပြီးတော့ တစ်ယောက်က ထင်းတုံးနဲ့ နဖူးမှာ (၁) ချက်၊ နောက်စေ့မှာ (၃) ချက်ရိုက်တယ်။  ဦးနှောက်ပွင့်ထွက်တဲ့အထိ သူ့ကိုရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့တယ်။ သူသေသွားတော့ သူ့အလောင်းကို လက်ထိပ်ဖြုတ်ပြီး ဦးပေါ်ကော်ရဲ့ ခြံစည်းရိုးအပြင်ဘက်မှာ စွန့်ပစ်ခဲ့တယ်” ဟု မျက်မြင်သက်သေတစ်ဦးက ပြောပြခဲ့ပါသည်။

ထို့အပြင် (၅ဝ၇)ခမရ တပ်ရင်း တပ်ဖွဲ့ဝင်များနှင့် ပြည်သူစစ်တပ်ဖွဲ့ဝင်များသည် အိမ်တိုင်းအိမ်တိုင်းနှင့် ဘုန်းကြီးကျောင်းပါမကျန် ဝင်ရောက်မွှေနှောက်ကာ ငွေသားအပြင် အခြားသော တန်ဖိုးရှိပစ္စည်း၊ ကြက်၊ စားသုံးစရာများကို အတင်းအဓအမ္မသိမ်းယူခဲ့ပါသည်။ ငွေနှင့်ပစ္စည်းစုစုပေါင်းပမာဏမှာ (၃၃၃ဝ၁ဝ၁) သုံးသန်း သုံးသိန်း သုံးသောင်း တစ်ရာနှင့် တစ်ကျပ် တန်ဖိုးရှိပါသည်။ပန်းဆေး ဦးကျော်မြင့်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြင့် ပြည်သူလူထုကို စည်းရုံးပြီး လွတ်တော်အမတ်တစ်ဦး ဖြစ်လာသူဖြစ်သည်။

ထို့ပြင် ၁၉၇၉ ခုနှစ်မှစတင်ပြီး နမ့်ခမ်းမြို့နယ်ရှိ ပန်းဆေးကျေးရွာတွင် ပြည်သူ့စစ်အင်အား (၃ဝဝ-၄ဝဝ)ခန့်ရှိသော ပြည်သူ့စစ်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူကာ ပန်းဆေးနယ်တဝိုက်တွင် ထိန်းချုပ်ထားပြီး ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးခြင်းအစရှိသည်တို့ကို လုပ်ဆောင်နေခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် ပန်းဆေး-ကျော်မြင့် (သို့) ဘိန်းဘုရင်ဟု တင်စားခေါ်ဝေါ်ကြပါသည်။

ပန်းဆေး-ကျော်မြင့်သည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာရှိပြီး ၄င်း၏တပ်ဖွဲ့ဝင်များကို တရားဝင်လက်နက်များ တပ်ဆင်ပေးထားပါသည်။ယင်းပြည်သူ့စစ်တပ်ဖွဲ့သည် ဒေသခံပြည်သူများကို ကာကွယ်စောင့်ရှောက်ခြင်းမရှိဘဲ ယခုလို အပြစ်မဲ့သည့် ဦးအိုက်ထာက်နိုင်အား ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်လိုက်ခြင်းသည် မည်သည့်ဥပဒေနှင့်မှမကိုက်ညီဘဲ အလွန်ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုတစ်ရပ်ဖြစ်ပါသည်။

ဤရာဇဝတ်မှုကို ကျူးလွန်ခဲ့သည့် လူသတ်သမားများကို လက်ရှိအာဏာရအစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် မိမိတို့ပလောင်အမျိုးသမီးအစည်းအရုံးမှ ရွာသူရွာသားများနှင့်အတူ အလေးအနက် တောင်းဆိုအပ်ပါသည်။လက်ရှိအာဏာရ အစိုးရ၏ အရေးယူဆောင်ရွက်မှုကို စုံစမ်းနေဆဲဖြစ်ပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး
ဆက်သွယ်ရန်- (၆၆) ၈၂၁၆၄၈၁၁၅