ကျန်းမာရေးဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား သင့်တော်သည့် ဆေးကုသမှုပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို

သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်

နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုနေမျိုးဇင်သည် ချော်လဲ၍ အရိုးအက်သည့်ဝေဒနာ ခံစားနေရသော်လည်း  ထောင်ပြင်ပဆေးရုံတွင် တက်ရောက်ဆေးကုသခွင့် အကြိမ်ကြိမ် ငြင်းဆန်ခံနေရသလို လမ်းပင်ကောင်းစွာမလျှောက်နိုင်သဖြင့် ထောင်ဝင်စာပါ ထွက်မတွေ့နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ သိရှိရပါသည်။  ဦးသိန်းစိန်အစိုးရမှ ကျန်းမာရေးမကောင်းသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါသည်ဟု ပြောဆိုနေချိန်တွင် ကိုနေမျိုးဇင်အနေဖြင့် သင့်တော်လုံလောက်သည့် ဆေးကုသခွင့်ကိုပင် မရရှိပါ။
အေအေပီပီအနေဖြင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည့် ကိုနေမျိုးဇင်အား ထောင်ပြင်ပ ဆေးရုံတွင် သင့်တော်လုံလောက်သည့် ဆေးကုသခွင့်ပေးပါရန် ဦးသိန်းစိန်အစိုးရအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။ ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သူ ကိုနေမျိုးဇင်သည် သွေးအကူအညီပေးရေးအပါအဝင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာမှ  အီလက်ထရောနစ် အက်ဥပဒေဖြင့် တရားစွဲဆိုခံရကာ မကြာသေးခင် က ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံခဲ့ရပါသည်။ သူသည် စတင်ဖမ်းဆီးခံခဲ့ရသည့် မေလ၊ ၂၀၁၁ ခုနှစ် မှ စတင်၍ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပါသည်။
ကိုနေမျိုးဇင်အနေဖြင့် စတင်ဖမ်းဆီးခံရစဉ်က ကျန်းမာရေးကောင်းမွန်ခဲ့သော်လည်း ထောင်တွင်း ဆေးဝါးကုသမှုမလုံလောက်ခြင်း၊ ပြင်ပတွင်လိုအပ်သလိုဆေးကုသခွင့်အား အကြိမ်ကြိ်မ်ငြင်းဆန်ခံနေရခြင်း တို့ကြောင့် လမ်းမလျှောက်နိုင်ရာမှ အောက်ပိုင်း ချိနဲ့သွားနိုင်သည့် အနေအထားသို့ ရောက်ရှိနေပါသည်။ လမ်းကောင်းစွာ မလျှောက်နိုင်သည့်အတွက် ၄င်းအနေဖြင့် မိသားစုမှထောင်ဝင်စာလာတွေ့သည်ကို လက်ခံတွေဆုံနိုင်ခြင်းမရှိခဲ့ပါ။ ကိုနေမျိုးဇင်၏ ဖြစ်ရပ်သည် မတရားဖမ်းဆီးထောင်ချခံရသည့်အပြင် ဆေးဝါးကုသခွင့်၊ ထောင်ဝင်စာတွေ့ဆုံခွင့်စသည်ဖြင့် နိုင်ငံသားတဦး၊ အကျဉ်းသားတစ်ဦး၏ အခြေခံ အခွင့်အရေးများကို အစုလိုက်အပြုံလိုက် ချိုးဖေါက်ခံနေရခြင်း၏ ပြယုဂ်တခုပင် ဖြစ်ပါသည်။ ထောင်ဥပဒေအရ ကိုနေမျိုးဇင် ရသင့်ရထိုက်သည့် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည့် ထောင်ပြင်ပဆေးရုံတွင် သင့်တော် လုံလောက်စွာ ဆေးကုသခွင့်အား သက်ဆိုင်ရာ ထောင်အာဏာပိုင်များမှ ခွင့်ပြုပေးပါရန် အေအေပီပီ အနေဖြင့်တောင်းဆိုလိုက်ရပါသည်။
ကိုနေမျိုးဇင်သည် စစ်ကြောရေးကာလတွင်လည်း ရုပ်ပိုင်းစိတ်ပိုင်း နှိပ်စက်ခံခဲ့ရပြီး ယခုအချိန်တွင် ချော်လဲသည့်ဒဏ်ကြောင့် ခါးရိုးပဲ့ကာ လမ်းမလျှောက်နိုင် မရပ်နိုင် ဖြစ်နေပါသည်။  ကိုနေမျိုးဇင်အား ထောင်ဆေးရုံတွင် ဓါတ်မှန်ရိုက်ရာတွင် ခါးတွင်ဒါဏ်ရာ ရနေကြောင်းကို သိရှိရသည့်အတွက် ထောင်ဆရာဝန်မှ ပြင်ပဆေးရုံတွင် ဆေးဝါးကုသရန် လိုအပ်ကြောင်း ထောက်ခံချက်ပေးခဲ့သော်လည်း ထောင်အာဏာပိုင်များမှ ပြင်ပဆေးရုံတွင်ဆေးကုသခွင့်ပြုရန် အကြိမ်ကြိမ်ငြင်းပယ်နေခြင်းဖြစ်ပါသည်။
ကိုနေမျိူးဇင်အား ယခုလို လိုအပ်သည့်ဆေးဝါးကုသပေးရန် အချိန်ဆွဲငြင်းပယ်နေမှုသည်  ဦးသိန်းစိန်အစိုးရမှ ကျန်းမာရေးမကောင်းသော အကျဉ်းသားများကို လွှတ်ပေးသည်ဆိုသည့် ကြေညာချက်နှင့် ချိန်ဆကြည့်လျှင် အပြောနှင့်အလုပ် လုံးဝကိုက်ညီခြင်းမရှိကြောင်း တွေ့ရှိရပါသည်။  လက်ရှိအခြေအနေတွင် ထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသား ၁၂၂ ဦးသည် ကျန်းမာရေး အခြေအနေဆိုးရွားနေပြီး လုံလောက်သည့် ဆေးကုသခွင့် မရရှိကြပါ။  ဥပမာအားဖြင့် ထောင်
ဒဏ် ၉ နှစ်ခွဲ ကျခံနေရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဟန်နီဦးသည် အစာအိမ်ရောဂါ ခံစားနေရကာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည်လည်း သွေးတိုးရောဂါ နှင့် နှလုံးခုန်မြန်သည့် ရောဂါ ဝေဒနာကို ခံစားနေရပါသည်။
အေအေပီပီ၏ စာရင်းပြုစုထားခြင်းများအရ နှိပ်စက်ညှဉ်းပမ်းမှုဒဏ် နှင့် ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံမှုတို့ကြောင့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၆ ဦး  သည် အကျဉ်းထောင်များအတွင်းတွင် သေဆုံးခဲ့ရပါသည်။
အစိုးရသစ်လက်ထက်တွင် တိုးတက်ပြောင်းလဲမှု အနည်းငယ်ရှိနေသည်ဆိုသော်လည်း ဦးသိန်းစိန် အစိုးရ၏လက်ထက်တွင် ပထမဆုံး ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဖြစ်သည့် ကိုနေမျိုးဇင်၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များ၏ အခြေအနေသည် ပြောင်းလဲမှုမရှိသလောက်ပင်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် ကိုနေမျိုးဇင်နှင့်တကွ ကျန်းမာရေးချို့ယွင်းနေသူ နိုင်ငံရေးအကျဉ်းသားများအား သင့်တော် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံးလုပ်ဆောင်ပေးရန် တာဝန်ရှိသူများအား တိုက်တွန်းလိုက်ရပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး)        +၆၆ (ဝ) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး)    +၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃