သတင်းထုတ်ပြန်ကြေငြာချက်
ရက်စွဲ – ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော “လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” အစီရင်ခံစာကို ဖြန့်ဝေခြင်း

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ၎င်း၏ “လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” ဟုအမည်ပေးထားသည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သော အစီရင်ခံစာကို ထုတ်ဝေဖြန့်ချီလိုက်သည်။ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ တိကျသော သုတေသနပြုမှုနှင့် မှတ်တမ်း တင်မှုများသည် စစ်အစိုးရနှင့် သူ၏ နောက်လိုက် နောက်ပါ အဖွဲ့အစည်းများမှ ကျူးလွန်ဖောက်ဖျက်ခဲ့သည့် ရွေးကောက်ပွဲနှင့် ပက်သက်သည့် နိုင်ငံသားတိုင်းရရှိရမည့် အခွင့်အရေးများအပါအဝင် အထွေအထွေ လူ့အခွင့်အရေး ဆုံးရှုံးမှုများကြောင့် မြန်မာပြည်သူ လူထုခံစားရသည့် ဆိုးကျိုးများကို ဖော်ထုတ်လိုက်ပါသည်။ ဤအစီရင်ခံစာသည် စစ်အာဏာရှင်နှင့် သူ၏နောက်လိုက် နောက်ပါ အဖွဲ့အစည်းများမှ ရွေးကောက်ပွဲနှင့် ပက်သက်သော ချိုးဖောက်မှုများအား သီးခြားဦးစားပေး ဖော်ပြပေးထားပြီး ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကို အသုံးပြုပြီး စစ်အာဏာရှင်စနစ်ကို ရွေးကောက်ပွဲအရေခြုံပြီး တရားဝင်ဖိနှိပ်ချုပ်ချယ်မှုများ ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် လုပ်ဆောင်ခဲ့ကြသည့်အကြောင်းများကို ရှင်းလင်းမြင်သာအောင် တင်ပြထားပါသည်။

လူ့အခွင့်ရေးဆိုင်ရာများကို မှတ်တမ်းပြုနေသော အဖွဲ့အစည်း (၁၃) ဖွဲ့ပါသော အဖွဲ့အစည်းဖြစ်သည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ အစီရင်ခံစာသည် စစ်အစိုးရမှ ယင်းကဲ့သို့ ရက်စက်စွာ ကျူးလွန်ပုံကို နိုင်ငံတကာ လူ့အဖွဲ့အစည်းများ သာမက မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားများ တန်းတူညီမျှခွင့် ရရှိရန်အတွက် လုပ်ဆောင်နေသော အခြားအဖွဲ့အစည်းများလည်း သိရှိစေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ လူနေမှု အဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို တိုးတက်ကောင်းမွန် လာအောင် လုပ်ဆောင်ခြင်းထက် ၎င်းတို့၏ အာဏာတည်မြဲရေးကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ယခုကျင်းပသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ၊ လုံခြုံမှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးစသည့် မြန်မာပြည်သူ ပြည်သားများ၏ လိုလားတောင့်တချက် များအား ဖြည့်ဆည်းပေးမည့် ရွေးကောက်ပွဲများ မဟုတ်ပါ။

ယခုနှစ်အတွင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)  မှ စစ်အစိုးရနှင့် လက်ကိုင်တုတ်များမှ ကျူးလွန်သည့် ရွေးကောက်ပွဲနှင့် ပတ်သက် ဆက်နွယ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၂၄၇)မှု နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၈၇၅) မှု တို့ကို ကောက်ယူ ရရှိထားပါသည်။