အာဏာရှင်စနစ် ဖျက်သိမ်းရေး
“အာဏာရှင်စနစ် ဖျက်သိမ်းရေး” – ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံ၏ လူ့အခွင့်အ ရေးအခြေအနေ အနှစ်ချုပ် အစီရင်ခံစာ
ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ND-Burma အဖွဲ့ဝင်များနှင့် ဆက်စပ် အဖွဲ့ ဝင်များက မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုစည်းဖော်ပြထားခြင်းဖြစ် သည်။ ထို့အပြင် ဖော်ပြပါ ကိန်းဂဏန်းများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ND-Burma ၏ မိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိထားသည့် အချက်အလက်များလည်း ပါဝင်သည်။ ND-Burma ၏ တွေ့ရှိချက်များသည် ND-Burma အဖွဲ့ဝင်များ၏ သက်ဆိုင်ရာဒေသများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများ၊ မှတ်တမ်းတင်ထားသည့် ဖြစ်စဉ်များနှင့် နောက်ခံအကြောင်းအရာများကို ထင်ဟပ် ဖော်ပြထားပြီး တခြားအစီရင်ခံစာ စာတမ်းနှင့် အချက်အလက်များကို လေ့လာရှာဖွေ (desk research) ထည့်သွင်း ဖော်ပြထားသည်။
ND-Burma နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်း မြန်မာစစ်တပ်၊ စစ်တပ်လက် အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) က ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု အရေအတွက်ကို ဖြစ်စဉ်မှတ်တမ်းများ၊ တွေ့ဆုံမေးမြန်း ချက်များ၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ အစီရင်ခံစာများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကို အသုံးပြု၍ မှတ်တမ်းတင်ကြသည်။ သို့သော် ဤအစီရင်ခံစာတွင် မှတ်တမ်းတင် ထားသည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ၏ အများစုကို စစ်တပ်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံသည့်ကာလအတွင်း ND-Burma အဖွဲ့ဝင်များ၏ အစီရင်ခံချက်များအရ မြန်မာစစ်တပ်သည် အရပ်သားများအပေါ် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုအသုံးပြု၍ တိုက်ခိုက်မှုများ ပြင်းထန်စွာ ဆောင်ရွက်လာခဲ့သည်။ ND-Burma အဖွဲ့ဝင်များသည် ယုံကြည်စိတ်ချရသော မိတ်ဖက် များအဖြစ် မြို့ပြနှင့် ကျေးလက်ဒေသများရှိ ဒေသခံလူထုနှင့် နီးကပ်စွာ ပူးပေါင်း၍ လူ့အခွင့်အရေး အ ခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်လျှက်ရှိသည်။ ND-Burma အနေဖြင့် လူ့အခွင့်အရေးဆိုင် ရာ ဖြစ်စဉ်များကို အသေးစိတ် အာရုံစိုက်မှတ်တမ်းတင်နေသော်လည်း ပဋိပက္ခအခြေအနေ တစ်ရပ် လုံးမှာ ပိုမိုပြင်းထန်ဆိုးရွားလာလျှက်ရှိသည်။
ND-Burma သည် နိုင်ငံတစ်ဝန်း ဆိုးရွားလာနေသည့် လူ့အခွင့်အရေးအခြေအနေများကို အာရုံစိုက်စေ ရန်နှင့် ထုတ်ဖော်ပြောဆိုရန် အစီရင်ခံစာများနှင့် အချက်အလက် အကျဉ်းချုပ်စာတမ်းများကို ပုံမှန် ထုတ်ပြန်လျှက်ရှိသည်။ ယင်းတို့တွင် အဖွဲ့ဝင်များ၏ အခြေစိုက်ရာ ဒေသများနှင့် ပြည်နယ်များအတွင်း ဖြစ်ပွားနေသည့် ဆိုးရွားပြင်းထန်သော ချိုးဖောက်မှုများကို အထူးအာရုံစိုက် မှတ်တမ်းတင်သည်။ ကြီးမားသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည့်ကြားမှ ကွန်ရက်အဖွဲ့ဝင်များသည် အဆိုပါ ရာဇ ဝတ်မှုများနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို မျှဝေခြင်းအား ဆက်လက်လုပ် ဆောင်လျှက်ရှိပြီး တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင် ရွက်လျှက်ရှိသည်။








