သတင်းထုတ်ပြန်ချက် – အာဏာရှင်စနစ် ဖျက်သိမ်းရေး

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်–မြန်မာနိုင်ငံ (ND-Burma) က “အာဏာရှင်စနစ် ဖျက်သိမ်းရေး” –
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ အနှစ်ချုပ် အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်။
ထုတ်ပြန်ချက်
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် – မြန်မာနိုင်ငံ (ND-Burma) က ND-Burma အဖွဲ့ဝင်များ မှတ်တမ်းတင်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ ခြောက်လတာအတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုစည်းပြုစု၍ “အာဏာရှင်စနစ် ဖျက်သိမ်းရေး” အနှစ်ချုပ် အစီရင်ခံစာကို ယနေ့ထုတ်ပြန် လိုက်သည်။
ND-Burma အဖွဲ့ဝင်များသည် အမှု (case) ၃၀၅ ခုနှင့် ဖြစ်ရပ် (incident) ၅၃၆ ခုကို မှတ်တမ်း တင်ခဲ့သည်။ ယင်းတို့အနက် လူ့အခွင့်အရေးချိုးဖောက်မှု ၂၈၉ ခုနှင့် လက်နက်ဖြင့် တိုက်ခိုက်သည့် ဖြစ်ရပ် ၂၄၇ ခု ပါဝင်သည်။ ယင်းလူ့အခွင့်အရေး ချိုးဖောက်မှုများအနက် စစ်အာဏာရှင်အဖွဲ့က ၂၀၅ ခု၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) က ၂၀ ခုနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ (PDFs) က ၂ ခု၊ ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
အစီရင်ခံစာပါ လွန်ခဲ့သည့် ခြောက်လတာကာလတွင် စစ်အာဏာရှင်တို့က အတုအယောင် ရွေးကောက်ပွဲကို အဆင့်သုံးဆင့်ဖြင့် ကျင်းပပြီးနောက် နိုင်ငံတကာအလယ်တွင် ၎င်းတို့၏ အာဏာကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းခဲ့ရာ လူ့အခွင့်အရေးအခြေအနေမှာ တဟုန်ထိုး ဆိုးရွား လာခဲ့သည်။ အာရှတွင် အသေအပျောက် အများဆုံး ပဋိပက္ခပိုမိုဆိုးရွားလာနေချိန်တွင် စစ်တပ်က ၎င်းတို့ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများမှ အာရုံလွှဲရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သည်။ မင်းအောင် လှိုင်နှင့် စစ်တပ်အပေါ် သစ္စာခံသူများသည် နိုင်ငံတကာ ခရီးစဉ်များကို ဇိမ်ကျကျသွားရောက်ကာ လက်နက်နှင့် ထောက်လှမ်းရေးပစ္စည်းများကို လှည့်လည်ကြည့်ရှု နေစဥ်တွင် ပြည်တွင်း၌မူ ကျေးရွာ များ မီးရှို့ဖျက်ဆီးခံနေရ ပြီး ဘာသာရေးအဆောက်အအုံများနှင့် စာသင်ကျောင်းများမှာ ပစ်မှတ် ထားတိုက်ခိုက် ခံနေရဆဲဖြစ်သည်။ ယင်းအကြမ်းဖက်မှုများကြားတွင် စစ်တပ်၏ ဝါဒဖြန့်ချိရေး ယန္တရားက မြေပြင်တွင်အမှန် တကယ်ဖြစ်ပေါ်နေသည့် အခြေအနေများကို ပုံမှားရိုက်၍ တလွဲဖော် ပြရန် ကြိုးပမ်းလျှက်ရှိသည်။
အရပ်သားများ၏ အသက်အိုးအိမ်များအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် အတိုင်းအတာနှင့် အရေအတွက်သည် စိုးရိမ်စရာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင် ရာ နိုင်ငံများအနေဖြင့် မဆိုင်းမတွ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြ နေသည်။ မြေပြင်တွင် ကြီးမားသော အန္တရာယ်များရှိလင့်ကစား ND-Burma အဖွဲ့ဝင်များသည် မိမိတို့ မှတ်တမ်းတင်နေသည့် ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်မှတ် တမ်းတင်လျှက်ရှိသည်။ မြေပြင်မှ အစီရင်ခံတင်ပြချက်များနှင့် ပဋိပက္ခဒဏ်ခံရသော လူထု၏ ထွက် ဆိုမှု သက်သေခံချက်များက အဆိုပါစိန်ခေါ်မှုများကို မီးမောင်းထိုးပြပြီး တာဝန်ခံမှုရှိရန် တောင်းဆို နေသည်။
စစ်အာဏာရှင်တို့သည် ဆယ်စုနှစ်နှင့်ချီ၍ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန် ယူ တာဝန်ခံမှုမရှိဘဲ ရှောင်လွှဲနေခဲ့သည်။ ကျား၊ မ ဘာသာတရား သို့မဟုတ် လူမှုစီးပွားရေးအခြေ အနေ မည်သို့ပင်ဖြစ်စေ လူတိုင်း တန်းတူညီမျှမှုရှိသည့် အနာဂတ်မြန်မာနိုင်ငံတခု တည်ဆောက်ရန် အတွက် ဒီမိုကရေစီလိုလားသော မျိုးဆက်သစ်ခေါင်းဆောင်များနှင့် ဖက်ဒရယ်အစိုးရများက ကြိုး ပမ်းဆောင်ရွက်နေချိန်တွင် ထိုသို့ တာဝန်ယူ တာဝန်ခံမှု ကင်းမဲ့နေမှုများ အဆုံးသတ်ရမည်ဖြစ်သည်။
ဒေသတွင်းနှင့် နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့် မြန်မာပြည်သူများ၊ နွေဦးတော်လှန် ရေးနှင့်အတူ သမိုင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်ရမည်ဖြစ်သည်။
ဆက်သွယ်ရန် –
ND-Burma Media Signal Contacts









