သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း

လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း ထုတ်ပြန်
၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် – မြန်မာနိုင်ငံ (ND-Burma) မှ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ လှည့်ကွက်နှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထုတ်ဖော်ထားသော အစီရင်ခံစာအကျဉ်း (Briefing Paper) အသစ်ကို ယနေ့ ထုတ်ပြန်လိုက်သည်။
၂၀၂၁ ခုနှစ် စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းမှစ၍ စစ်တပ်သည် တရားဝင်မှု ရရှိရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖြားရန် အစဉ်တစိုက် ကြံစည်လာခဲ့သည်။ နိုင်ငံ တကာနှင့် ဒေသတွင်း အရေးပါသည့် သက်ဆိုင်သူများအနေဖြင့် စစ်အုပ်စုခေါင်းဆောင်များကို မည် သည့်နည်းနှင့်မျှ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံအသိအမှတ် ပြုခြင်း မပြုသင့်ပေ။
ND-Burma မှ ထုတ်ပြန်လိုက်သော ဤအစီရင်ခံစာအကျဉ်းသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ကြေညာပြီးနောက်ပိုင်း အရပ်သား ပြည်သူများအပေါ် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေကြောင်းကို ထပ်မံသက်သေပြခြင်းလည်း ဖြစ် သည်။
ND-Burma အဖွဲ့ဝင်များသည် မြေပြင်တွင် ပိုမိုဆိုးရွားလာနေသော လူ့အခွင့်အရေး အခြေ အနေများကို ဆက်လက်မှတ်တမ်းတင်လျှက်ရှိသည်။ ဤအစီရင်ခံစာအကျဉ်းတွင် အဖွဲ့ဝင်များ စုဆောင်းထားသည့် အချက်အလက်များနှင့် မီဒီယာများတွင် ဖော်ပြထားသည့် လေကြောင်းတိုက် ခိုက်မှုများ၊ မြေပြင်ထိုး စစ်များကို ထည့်သွင်းဖော်ပြထားသည်။
စစ်အုပ်စုသည် အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ခြင်း မရှိ သကဲ့သို့ လျော့နည်းသွားခြင်းလည်း မရှိပေ။ မြန်မာနိုင်ငံတစ်ဝန်း စစ်ဘေး စစ်ဒဏ်သင့်နေသော ပြည်သူလူထုသည် အမိုးအကာ၊ ဆေးဝါး၊ အစားအစာနှင့် သန့်ရှင်းသော သောက်သုံးရေ စသည့် အခြေခံ အသက်ရှင်သန် ရေးအတွက် အကူအညီများ အရေးပေါ် လိုအပ်လျှက်ရှိသည်။
ထောင်ပေါင်းများစွာသော ပြည်သူများသည် ၎င်းတို့၏ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့် အရေးများ ဆုံးရှုံးနေချိန်တွင်၊ ယုံကြည်ကိုးစားထိုက်မှု မရှိသည့် စစ်အုပ်စုသည် ၎င်းတို့ကိုယ်ကို တရားဝင် အုပ်ချုပ်သူများအဖြစ် အမွှန်းတင်လျှက်ရှိသည်။
ထိခိုက်ခံစားရသော ပြည်သူများအတွက် လိုအပ်သည့် အကူအညီပေးရေး ကွာဟချက်မှာ ရန်ပုံငွေ အကြပ်အတည်းကြောင့် ပိုမိုကျယ်ပြန့်လာလျှက်ရှိပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲ ပြည်သူများထံ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်စွမ်းမှာလည်း ပိုမို ကန့်သတ်ခံ နေရသည်။
မြန်မာစစ်တပ်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်သဖွယ် အသုံး ချလျှက်ရှိပြီး၊ အသက်ကယ်ဆယ်ရေးအတွက် အရေးပါသော အထောက်အပံ့ပစ္စည်းများ ဘေးကင်း လုံခြုံစွာ ပို့ဆောင်နိုင် ရေးအတွက်လည်း ခက်ခဲကြန့်ကြာစေရန် လုပ်ဆောင်နေသည်။
သို့သော်လည်း တော်လှန်ရေးခေါင်းဆောင်များနှင့် ရပ်ရွာအခြေပြု လူ့အခွင့်အရေး ကာကွယ် သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ဇွဲလုံ့လမှာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အပြောင်းအလဲ ဖော် ဆောင်သူများအဖြစ်သာမက စစ်အာဏာရှင်စနစ် ကင်းစင်သော ရေရှည်တည်တံ့သည့် ငြိမ်းချမ်း ရေးကို တည်ဆောက်ရန် ကြိုးပမ်းနေသူများအဖြစ်လည်း ၎င်းတို့၏ အသံကို နားထောင် အသိအမှတ် ပြုရမည်ဖြစ်သည်။
စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှုရှိစေရန် ပိုမိုထိ ရောက်သော ဖိအားပေးမှုများ လိုအပ်နေသည်။ ထိလွယ်ရှလွယ်သော အုပ်စုများသည် ၎င်း တို့၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ငြင်းပယ်ခံရကာ ဖိနှိပ်မှုများကို ခံစားနေရပြီး၊ အကြပ် အတည်း ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ယင်းအခြေအနေများကို ဆက်လက်ကြုံတွေ့နေရမည် ဖြစ် သည်။
မိမိတို့အနေဖြင့် နိုင်ငံတကာမှ သက်ဆိုင်သူ အင်အားစုများအား အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်နွှယ်မှု အားလုံးကို ဖြတ်တောက်ရန် တိုက်တွန်းအပ်သည်။ အထောက်အပံ့များ၊ အရင်းအမြစ် များနှင့် ရန်ပုံငွေများကို ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် အပြုသဘောဆောင်သော အပြောင်း အလဲများကို ဦး ဆောင် အကောင်အထည်ဖော်နေသည့် လူ့အခွင့်အရေး ကာကွယ်သူများထံ ဦးစားပေး ပံ့ပိုးသင့်သည်။
အထူးသဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်များအပါအဝင် ဒေသခံ ပြည်သူများအတွက် လူမှုဝန်ဆောင်မှုများ ပံ့ပိုးပေးနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ပိုမို ထောက်ပံ့ကူညီရန် လိုအပ်သည်။
ဆက်သွယ်ရန်
အမည် – နိုင်အဲမွန်
Signal – +66 86 1679 741
အမည် – ဆန်ထွယ်
Signal – +66 657549336
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်–မြန်မာနိုင်ငံ (ND-Burma) သည် တိုင်းရင်းသား လူမျိုးစုများ အမျိုးသမီးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ကိုယ်စားပြုသည့် အဖွဲ့အစည်း ၁၃ ခုဖြင့် ဖွဲ့စည်း ထားသည်။ ၂၀၀၄ ခုနှစ်မှစ၍ ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများသည် လူ့အခွင့်အရေးချိုးဖောက် မှုများကို မှတ်တမ်းတင်လာခဲ့ပြီး ထိခိုက်နစ်နာခဲ့သော ပြည်သူများအတွက် တရားမျှတမှုရရှိစေရန် လှုပ်ရှားဆောင်ရွက်နေပါသည်။ ကွန်ရက်တွင် အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့ဝင် ၄ ဖွဲ့ ပါဝင်သည်။








