(BBC) မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ လာမဲ့ ရွေးကောက်ပွဲဟာ အများ ယုံကြည်လက်ခံမှု ရှိအောင် နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်ဖို့ လိုတယ်လို့ တက်ရောက်တဲ့ ဝန်ကြီးများက ဆွေးနွေးကြပါတယ်။

လာမဲ့ ရွေးကောက်ပွဲအတွက် စိုးရိမ်မှု တွေရှိကြသလို နိုင်ငံတကာက ယုံကြည်လက်ခံမှုရှိအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့လိုတယ်လို့လည်း တောင်းဆိုခဲ့ကြပါတယ်။

အခုရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အနောက် ဒီမိုကရေစီနိုင်ငံတွေက မကြေနပ်ပဲ ပြုပြင်ပြောင်းလဲမှုတွေကိုမြင်ချင်တဲ့အကြောင်း၊ ဂျပန်လို အာရှနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ အခန်းကဏ္ဍကို လိုလားကြောင်း၊ ဒါပေမဲ့တရုတ်နဲ့ အိန္ဒိယလိုနိုင်ငံတွေကတော့ သူတို့အကျိုးစီးပွားကို သာကြည့်ကြကြောင်း NCGUB အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ ကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အခုညီလာခံမှာ လည်းမြန်မာအစိုးရက ကုလသမဂ္ဂရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောဘဲ တဖက်သတ် လုပ်နေမယ်ဆိုရင်တော့ ညီလာခံကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ထင်ဟပ်ပေါ်လွင်လာနိုင်တယ်လို့ ဒေါက်တာသောင်းထွန်းကသုံးသပ်ပါတယ်။

မြန်မာ့ မိတ်ဆွေများနိုင်ငံမှာ အမေရိကန်၊တရုတ်၊အိန္ဒိယ၊ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ရုရှားစတဲ့ နိုင်ငံတွေအပြင် ဥရောပသမဂ္ဂနိုင်ငံတွေလည်းပါဝင်ပါတယ်။