(BBC) နအဖက နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပြီး အမျိုးသား ရင်ကြားစေ့ရေး လုပ်ဖို့နဲ့ နိုဝင်ဘာ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတအောင် လုပ်ဖို့ သမ္မတ အိုဘားမားနဲ့ အာဆီယံ ခေါင်းဆောင် တွေက နအဖကို တောင်းဆိုလိုက်ပါတယ်။

နယူးရောက်မှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာနိုင်ငံက အခြေအနေတွကိုလည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ပြုပြင် ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ အရေးကြီးကြောင်းလည်း ဆွေးနွေးပွဲ အပြီး အမေရိကန် အာဆီယံ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အိုဘားမားက ပြောကြားခဲ့ပါတယ်။

အာဆီယံဘက်ကလည်း နိုဝင်ဘာ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ တောင်းဆိုလိုက်ပြီး အမေရိကန်က နအဖနဲ့ ပြောဆို ဆက်ဆံနေတာကို ကြိုဆိုတယ်လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်က နအဖရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ မယူဆသလို နအဖက ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု မရှိတာကို စိတ်ပျက်တယ်လို့ အရင်ကတည်းက ပြောဆိုနေတာ ဖြစ်ပါတယ်။

အိုဘားမားနဲ့ အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ အရှေ့အာရှ ဒေသ လုံခြုံရေး ကိစ္စရပ်ဟာ အဓိက ဦးစားပေး ဆွေးနွေးခဲ့တဲ့ ကိစ္စဖြစ်ပြီး ဒေသတွင်း အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့နဲ့ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုတို့ဟာ အရေးကြီးတာကိုလည်း နှစ်ဘက် သဘောတူခဲ့ပါတယ်။

အာရှဒေသဟာ အိုဘားမား အစိုးရက အနာဂတ်အတွက် အရေးပါတဲ့ ဒေသအဖြစ် မြင်ပြီး ဒီဒေသမှာ အမေရိကန်ဟာ ဦးဆောင် အခန်းကဏ္ဍက ပါဝင် လှုပ်ရှားဖို့ ဆန္ဒ ရှိတာကို ရှင်းရှင်းလင်းလင်း အသိပေးထားချင်ကြောင်း အိုဘားမားက ပြောသွားပါတယ်။

အဲဒိအတွက် ရှေ့လ ဗီယက်နမ်မှာ လုပ်မဲ့ အရှေ့အာရှ လုံခြုံရေးဆိုင်ရာ ထိပ်သီး စည်းဝေးပွဲကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်မှာ ဖြစ်သလို နိုဝင်ဘာလမှာ သမ္မတ အိုဘားမား ကိုယ်တိုင် အင်ဒိုနီးရှားကို သွားရောက် လည်ပတ်မှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားပါတယ်။