(BBC) မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေ အနေတွေကို ဖော်ထုတ်နေတဲ့ အဖွဲ့အစည်း ၁၃ ဖွဲ့ စုပေါင်းပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တွေကို စုစည်းပြုစုထားတဲ့ အစီရင်ခံစာတစ်စောင် ထွက်လာပါတယ်။

ဒီစုပေါင်းအဖွဲ့ရဲ့ နာမည်က မြန်မာလူ့ အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (ND Burma) ဖြစ်ပါတယ်။

၂၀၁၀ ဇန်နဝါရီလကနေ ဇူလိုင်လထိ လူ့အခွင့်အရေးချိုးဖောက်မှု ၃၅၂ မှု တွေ့ရှိခဲ့တယ်လို့ ND Burma ရဲ့ အကြံပေးအဖွဲ့ဝင်လည်းဖြစ်၊ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ ဦးတိတ်နိုင်က ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေမှာ ဥပမာ သတင်းအယ်ဒီတာ ကိုညီညီထွန်းကို လူမဆန်စွာ ညှင်းပန်းနှိပ်စက် သိက္ခာချမှုလို ဖြစ်စဉ်တွေကိုလည်း အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားတာ တွေ့ရပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၁၅ ကြိမ်မြောက် အစည်းအဝေး ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီလလယ်ကစလို့ ကျင်းပနေရာမှာ မြန်မာရိုဟင်ဂျာအသင်း ယူကေက ဦးထွန်းခင်လည်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအကြောင်းကို ဗုဒ္ဓဟူးနေ့က သွားရောက် ဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။

ဒီလို ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ အတိအလင်းထောက်ခံတဲ့ နိုင်ငံ ၉ နိုင်ငံ ရှိနေပြီး အဲဒီထဲမှာ လုံခြံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ် တို့ပါဝင်ပါတယ်။

အလားတူ ဂျပန်နိုင်ငံကလည်း ထောက်ခံ အားပေးသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) နဲ့ အခြား လူ့အခွင့်အရေးအဖွဲ့ ၅ ခုက ဂျပန်အစိုးရထံ အိပ်ဖွင့်ပေးစာပေးပြီး တောင်းဆိုလိုက်ပါတယ်။