(စက်တင်ဘာ ၂၃) ချက်နိုင်ငံ ဒုတိယနိုင်ငံခြားရေး၀န်ကြီး မစ္စတာ ဂျီရီ ရှနိုင်ဒါ သည် မြန်မာ့အတိုက်အခံ ကိုယ်စားလှယ်များနှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေး ခဲ့ပြီး ထိုအစည်းအဝေးအတွင်း လက်ရှိ မြန်မာနိုင်ငံ၏ အရေးပေါ် အခြေအနေ အရပ်ရပ်အပေါ် ဆွေးနွေးခဲ့ကြပါသည်။

ရွေးကောက်ပွဲ မတိုင်မှီမှာပင် မြန်မာ စစ်ခေါင်းဆောင်များသည် နေအိမ်အကျယ်ချုပ် ကျခံနေရသော နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဉီးဆောင်ပြီး မြန်မာပြည်သူလူထုက ၁၉၉၀ ခုနှစ်တွင် ရွေးကောက် တင်မြှောက်ခဲ့သည့် အကြီးဆုံး အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (National League for Democracy) အား ဖြိုခွဲရန် ကြိုးပမ်းနေပါသည်။

တချိန်တည်းမှာပင် စစ်ခေါင်းဆောင်များသည် လူနည်းစု တိုင်းရင်းသားများအပေါ်တွင် စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပါသည်။

ထိုအစည်းအဝေးအပြီးတွင် ဒုတိယနိုင်ငံခြားရေး၀န်ကြီး မစ္စတာ ဂျီရီ ရှနိုင်ဒါ က နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်မှုရှိပြီး ဒီမိုကရေစီ နည်းလမ်း ကျလိမ့်မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။

ချက်နိုင်ငံ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်း လွတ်ပေးရန်နှင့် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေ သူများနှင့် တွေ့ဆုံဆွေးနွေးရေး ကို အမြန်ဆုံး အကောင်အထည်ဖော်ရန်  မြန်မာအစိုးရအား တောင်းဆိုလိုက်သည်။ ထို့အပြင် လူနည်းစု တိုင်းရင်းသား များအား စစ်တပ်မှ တိုက်ခိုက်နေမှုအား ချက်ချင်း ရပ်တန့်ရန်နှင့် တိုင်းရင်းသားများအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများတွင် ပါဝင်နိုင်ရန် အတွက် တောင်းဆိုလိုက်သည်။

ချက်သမ္မတ နိုင်ငံသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တာနား၏ မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုနှင့် လူသားများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအား စစ်ဆေးသွားရန်အတွက် “စုံစမ်းစစ်ဆေးရေး ကော်မရှင်” ဖွဲ့ရန် တိုက်တွန်းချက်ကို ထောက်ခံထားပြီးဖြစ်ပါသည်။

ချက်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အား ချက်နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။