(RFA) မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတဲ့အပေါ် အင်ဒိုနီးရှားလွှတ်တော် အမတ်တွေက ထောက်ခံ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံး ကုန်ဆုံး သွားပြီမို့ ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရေးကိစ္စကို အင်ဒိုနီးရှား အစိုးရအနေနဲ့ ထောက်ခံသင့်ကြောင်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ်များအဖွဲ့ ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒအရ ပြီးခဲ့တဲ့နှစ်က အထူး ကိုယ်စားလှယ် Mr. Kurt Campbell ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ပေါ်ပေါက်လာတာ မတွေ့ရကြောင်း အင်ဒိုနီးရှား လွှတ်တော်အမတ်များ အဖွဲ့ ဥက္ကဋ္ဌ Ms. Eva က ပြောပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် နည်းလမ်းသစ်တွေ ပြောင်းလဲ ကျင့်သုံးဖို့ အချိန်တန်ပြီ ဖြစ်တယ်လို့ Ms Eva က ပြောပါတယ်။

မိမိတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပျော့ပြောင်းတဲ့ သဘောထား ရှိခဲ့တာ ကြာပြီဖြစ်ပေမယ့် မြန်မာ စစ်အစိုးရနဲ့ အပြုသဘော ထိတွေ့ဆက်ဆံရေးဆိုတဲ့ မူဝါဒဟာ ဘာမှ အလုပ်မဖြစ်တာကို တွေ့ရကြောင်း၊ လာမဲ့နှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့် အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာ့အရေးကို အခုထက် ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဆောင်ရွက်သင့်ကြောင်းလည်း Ms Eva က ပြောပါတယ်။

အမည်မဖော်လိုတဲ့ အာဆီယံဆိုင်ရာ အင်ဒိုနီးရှားအစိုးရ အရာရှိတဦးကတော့ မြန်မာ့အရေး စုံစမ်း စစ်ဆေးမယ့် ကော်မရှင်ကို လုံခြုံရေးကောင်စီက ဖွဲ့စည်း တာဝန်ပေးအပ်မယ်ဆိုရင် လုပ်ပိုင်ခွင့်တွေ ပိုပြီး ရှိမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒီကိစ္စကို တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။