၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စတင်၍ စစ်အုပ်စုသည် သုံးနှစ်ကျော်ကြာ ပြည်သူများအကြားထိတ်လန့်ခြောက်ခြားမှု လွှမ်းမိုးစေသော အကြမ်းဖက်လှုပ်ရှားမှုများကို လုပ်ဆောင် ခဲ့ရာ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် ၎င်း၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာစိုးမိုးမှုနှင့် နယ်မြေထိန်းချုပ်မှုကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘဲ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး တောင်းဆိုမှုတို့ကို ကြမ်းတမ်းသော နည်းဗျူဟာများဖြင့် တုံ့ပြန်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်များစွာကြာ စစ်အုပ်စုက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု သမိုင်းကြောင်းကို ပြန်လည်အောက်မေ့အမှတ်ရစေနိုင်သည်။ ကျွန်ုပ်တို့အဖွဲ့အစည်း၏ စောင့်ကြည့် လေ့လာတွေ့ရှိချက်များအရ တပ်မတော်အမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် ပြဋ္ဌာန်းထားသည့် လူ့အခွင့်အရေးစံနှုန်းများကို လျစ်လျူရှုမျက်ကွယ်ပြုပြီး အရပ်သားလူထုကို လူမဆန်စွာ နှိမ့်ချဆက်ဆံ ခြင်းကို နှစ်ခြိုက်သဘောတွေ့နေကြသည်။
စစ်အာဏာရှင်တို့ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများ၏ အတိုင်းအတာနှင့် ကြီးမားကျယ်ပြန့် မှုသည် ၎င်းတို့၏ ကျူးလွန်မှုများကို မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုတရပ် ဖြစ်စေသော်ငြားလည်း ထိုကဲ့သို့သော စိန်ခေါ်မှုတရပ်ဖြစ်သောကြောင့်ပင် ယင်းရက်စက်ကြမ်းကြုတ်မှု များကို မှတ်တမ်းတင်ထားဖို့ ပို၍ လိုအပ်လာလေသည်။ ဤအစီရင်ခံစာတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်အတွင်း နိုင်ငံတဝှမ်း၌ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျဖြစ်ပွားလျက်ရှိသော စစ်ဘက်ဆိုင်ရာ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများကို ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် စစ်ဘက်နည်းစနစ်များနှင့် နည်းပရိယာယ်များကို ဆန်းစစ်သုံးသပ်ရန် ကြိုးပမ်းထားသည်။ ဤနည်းစနစ် များနှင့် နည်းပရိယာယ်များကို စစ်တပ်က သမိုင်းအစဉ်အဆက် မှီခိုအားထား အသုံးပြုခဲ့သော်လည်း ယခု အစီရင်ခံစာ ရေးသားနေသည့်ကာလတွင် ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှ တနေ့တခြား ပို၍ လွတ်ကင်းလာသည့်နိုင်ငံကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပတ်တကုတ် အပြင်းအထန်ကြိုးပမ်းရာ၌ အဆိုပါ အကြမ်းဖက်မှုပုံပန်းသဏ္ဌာန်များကို ကွဲပြားပြီး ပိုမိုရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် ပြန်လည်ကျင့်သုံး အသုံးချနေသည်။
ဤအစီရင်ခံစာသည် မြန်မာပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ခရီးရှည်ကြီးအတွင်း ယခုကဲ့ သို့ အချက်အချာကျသည့် အချိန်ကာလ၌ ထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်အုပ်စုသည်လည်း ထိုဆန့်ကျင် တော်လှန်ရေး ကြိုးပမ်းမှုများကြောင့် သိသိသာသာ အားနည်းသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် တနှစ်ခွဲ ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ပူးပေါင်းထိုးစစ်များဖြစ်သော ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့် ၎င်း၏ နောက်ဆက်တွဲအနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်၍ ခုနှစ်လဆက်တိုက် နိုင်ငံတဝှမ်းတွင် ရရှိလာခဲ့သော တိုက်ပွဲအောင်ပွဲတို့ကြောင့် စစ်အစိုးရ၏အင်အားကို တစိတ်တပိုင်းအားဖြင့် လျော့ပါးသွားအောင် အရင်းခံကျကျ ထိုးနှက်လိုက်နိုင် ခြင်းကို တွေ့ရသည်။ တိုင်းရင်းသားအင်အားစုများသည်လည်း ၎င်းတို့လိုလားသည့် တူညီသော ဘုံပန်းတိုင်တခုကို အရောက်လှန်းနိုင်ဖို့ရန် အင်အားအလုံးစုံကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် လာကြပြီဖြစ်သည်။ ယင်းပန်းတိုင်မှာ စစ်အုပ်စု၏အုပ်စိုးမှုကို အဆုံးသတ်ရေးဖြစ်ပြီး နောက်ဆက်တွဲ အားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရေးနှင့်အတူ ၎င်းတို့ ကျူးလွန်နိုင်ဖွယ်ရှိသည့် စစ်ရာဇ၀တ်မှုများနှင့် ၎င်းတို့ ကျူးလွန်ခဲ့ပြီးဖြစ်သကဲ့သို့ ၎င်းတို့ အစဉ်အဆက် ယနေ့ထိတိုင် ကျူးလွန်နေဆဲရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရေးကို ဖော်ဆောင်ရန်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)