ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ကို သြဂုတ်လ ၁၀ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတာကြောင့် အရပ်သားခြောက်ဦး သေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငါးဦးဖြစ်ပြီး အဲဒီအထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မြောက်ဦးဟိုတယ်အနီး သျှစ်သောင်း ဘုရားဘက်ကိုသွားတဲ့ ကားလမ်းမပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

“ဂျက်လေယာဥ်နဲ့ ဗုံးတစ်လုံး ချသွားတာ။ မြောက်ဦးဟိုတယ်နားက လမ်းမပေါ်မှာ ကျတယ်။ အဲဒီအနားမှာ သွားလာနေတဲ့သူတွေ သေဆုံးဒဏ်ရာရတာ။ လောလောဆယ်တော့ ခြောက်ယောက် သေသွားပြီ။ အခု အလောင်းတွေကို ကျွန်တော်တို့ နာရေးရုံးကို ပို့နေတယ်”

ဗုံးကြဲခံရတဲ့ မြောက်ဦး ဟိုတယ်အနီးမှာ ဈေးဆိုင်ငယ်လေးတွေလည်းရှိပြီး တိုက်ပွဲတွေလည်း မရှိတော့တာကြောင့် ဘုရားဖူးခရီးသည်တွေ၊ လာရောက်လည်ပတ်သူတွေနဲ့ လူစည်ကားတဲ့နေရာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

သြဂုတ် ၆ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အုပ်ဖိုကန်ရွာအနီးမှာရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ရုံးကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese