ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ကို ဩဂုတ် ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ယောက်သေ၊ ၇ ယောက် ထက်မနည်း ဒဏ်ရာရပြီး တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က တိုက်လေယာဉ်ကကြဲတဲ့ဗုံးဟာ မြောက်ဦးဟိုတယ်နဲ့ နဝရတ်ဟိုတယ်ကြားက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာ ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို မြိုခံတယောက်က ပြောသည်။

“လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာက မြို့အလယ်နေရာဖြစ်တယ်။ ဘာစစ်ဘက်ဆိုင်ရာမှလည်း မရှိဘူး။ ဒီအတိုင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လူစည်ကားတဲ့နေရာကို ပစ်သွားတာ။ ကားလမ်းမပေါ်မှာသွားနေတဲ့ အိန္ဒိယ သုံးဘီးတစီးပြိုသွားပြီးတော့ သုံးဘီးမောင်းသူနဲ့ ခရီးသည် ၂ ယောက်နဲ့ သေဆုံးသွားတယ်။ နောက်ထပ် လမ်းမှာသွားလာနေတဲ့ အရပ်သား ၃ ဦးလည်း သေသွားတယ်။ တခြား ဒဏ်ရာရရှိသွားတဲ့လူ ၇ ဦးထက်မနည်းရှိတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရှိတဲ့သူတွေအထဲမှာ ကလေးငယ်တွေလည်းပါဝင်ပြီး လက်ရှိမှာ ဆေးရုံကို အရေးပေါ်လူနာတွေအဖြစ် ပို့ထားရသူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဩဂုတ် ၆ ရက်နေ့ကလည်း မြောက်ဦးမြို့က အုတ်ဖိုကန်ကျေးရွာနားကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုမရှိခဲ့ပါဘူး။

စစ်ကောင်စီက စစ်ပွဲဇုန်မဟုတ်တဲ့  မြို့နယ်တွေမှာ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်နေတာဟာ သူတို့ရဲ့ လက်ကျန်သက်တမ်းမှာ လူထုကို အစွမ်းကုန်ဒုက္ခပေးနေတဲ့သဘောဖြစ်တယ်လို ရခိုင်က လူ့အခွင့်အရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။

“စစ်ကောင်စီက အခုရက်ပိုင်းမှာ စစ်ပွဲဇုန်မဟုတ်တဲ့ မြိုနယ်တွေမှာ လေကြောင်းတိုက်ခိုက်လာတာကို တွေ့လာရတာက သူတို့ရဲ့ လက်ကျန်သက်တမ်းမှာ ပြည်သူတွေကို အစွမ်းကုန်ဒုက္ခပေးသွားမယ်ဆိုတဲ့ သဘောကိုပြသနေတာဖြစ်တယ်။ စစ်တိုင်းဌာနချုပ်တွေ တပ်ရင်းတွေ ဆုံးရှုံးနေရတဲ့ စစ်ကောင်စီက သူတို့မပြုတ်ခင်မှာ သူတို့ကိုထောက်ခံမှုမရှိတဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်” လို့ ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ပွဲဇုန်မဟုတ်တဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် နိုင်ငံတကာအနေနဲ့ အရေးယူကြဖို့ ဩဂုတ် ၆ ရက်နေ့မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ သံတွဲမြိုနယ်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီက နေ့တိုင်းဆိုသလို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ သြဂုတ် ၉ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က ရွာတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခမရ ၅၆၁ တပ်ရင်းအခြေစိုက် ညောင်ပင်ကွင်းကျေးရွာအရှေ့ကမ်းအပြင် ချောင်းဝရွာ၊ မုတ်ဆိတ်ကွင်း ရွာ၊ ကွင်းသစ်ရွာနဲ့ ကျောက်မိကျောင်းရွာတို့ကို စစ်တပ်ရဲ့K-8W အမျိုးအစား ဂျက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိရစ္ဆာန်တချို့သေဆုံး၊ ရာဘာပင်တွေ ထိခိုက်ပျက်စီးပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ညောင်ပင်ကွင်းရွာသားတယောက်က “ဘုန်းကြီးကျောင်းအောက်ဘက်လည်း ဗုံးသီးကျတယ်။ နွား ၂ ကောင်မှာ ၁ ကောင်သေတယ်။ တခြားရွာတွေမှာတော့ လိုင်းမကောင်းလို့ သိပ်မသိဘူး။ ပြေးလိုက်လွှားလိုက်ဆိုတော့ ကိုယ့်ဘာသာကိုယ်တောင် အသက်လုနေရတာပါ”လို့ ပြောပါတယ်။

အဲဒီနေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာလည်း ညောင်ပင်ကွင်းရွာအရှေ့ကမ်းနဲ့ အနောက်ကမ်းဘက်ကမ်းတို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်သေးတယ်လို့ ညောင်ပင်ကွင်းရွာခံတွေက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ည ၁၀ နာရီအချိန်လောက်မှာ ရွာအနောက်ကမ်းမှာအခြေစိုက်ထားတဲ့ ခမရ ၅၆၁  တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ညောင်ပင်ကွင်းရွာအရှေ့ကမ်းဘက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက်  နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့တယ်လို ရွာခံတယောက်က ပြောပါတယ်။

“အရှေ့ကမ်းနဲ့ အနောက်ကမ်းပစ်နေတာပါ၊ အလယ်မှာ တံတားတခုပဲ ခြားတယ်။ လက်နက်ကြီးပစ်လို့ တောင်ကုန်းဘက်က အိမ်တဆောင်တော်တော်ထိတယ်တဲ့။ ဒီမနက်တော့ ပစ်ခတ်မှုမရှိသေးဘူး။ PDF တွေ ဝင်လာသံကြားတာနဲ့ လက်နက်ကြီးတွေ ပစ်နေတာပါ။ အရှေ့ကမ်းမှာစစ်တပ်မရှိဘူး။ အလိုရှိရင်ခဏလေးလာတယ်။ ပြီးရင်အမြန်ပြန်သွားတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကလည်း ဂဏန်းကွင်းရွာ၊ သကျက်နဲ့ ကျွဲထိန်းကုန်းရွာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်မွေးဝက်တကောင်သေဆုံးပြီး အရပ်သားတယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အခုရက်ပိုင်း ထိတွေ့တိုက်ပွဲတွေ တကျော့ပြန်  ပြင်းထန်လာပြီး စစ်ကောင်စီက လမ်းပိုင်းတလျှောက်ကင်းလှည့်လှုပ်ရှားနေတာကြောင့် ပြည်သူတွေ ခရီးအသွားအလာ သတိပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက အသိပေး ပြောဆိုထားပါတယ်။

DVB News