(RFA) ကလေးစစ်သားအဖြစ်ကနေ မိသားစုဆီ ထွက်ပြေးလာခဲ့တဲ့ လူငယ်လေးတဦးကို တပ်ပြေးမှုနဲ့ အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့အတွက် ကလေးပြန်လွတ်လာဖို့ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ

အလုပ်သမားအဖွဲ့ကို သြဂုတ်လ ၂ ရက် ဒီကနေ့မှာ တိုင်ကြားလိုက်တယ်လို့ မိသားစုက ပြောပါတယ်။

တပ်ပြေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကလေးစစ်သား မောင်ဆန်းဦး လွတ်မြောက်ရေးအတွက် အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းသူများအဖွဲ့ရဲ့ အကူအညီ ရယူပြီး ရန်ကုန်မြို့က အိုင်အယ်အို တိုင်ကြားတာလို့ ဆိုပါတယ်။

မောင်ဆန်းဦးဟာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဦးတင့်စိုး၊ ဒေါ်ခင်လဲ့မိုးတို့ရဲ့ သားဖြစ်ပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလက အသက် ၁၆ နှစ် မပြည့်သေးဘူးလို့ သိရပါတယ်။ သူဟာ စစ်တပ်ထဲက ထွက်ပြေးမှုနဲ့ အခုနှစ် ဇန်နဝါရီလက လှိုင်သာယာ မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရပါတယ်။

မောင်ဆန်းဦးရဲ့ မိဘတွေဟာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်ထားမှုကြောင့် ဘယ်ကိုမှ မတိုင်ကြားရဲကြဘူးလို့ သိရပါတယ်။ သူဟာ ကလေးစစ်သားအဖြစ် အဖမ်းခံရတဲ့အချိန်မှာ အသက်မပြည့်သေးတာကြောင့် ဥပဒေအကြောင်းအရ မိဘတွေနဲ့ ပြန်လည်နေခွင့် ရှိတယ်လို့ အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းသူများအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် ကိုရဲထက်က သတင်း စုစည်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်