၂၀၂၄ ခုနှစ်၊ မတ်လ (၂၂)ရက်မှ (၃၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မတ်လ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ရဲစခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ အကျဉ်းထောင်တို့တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသား များကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင့် ၁ဦး သေဆုံးခဲ့ရပြီး ၁၈ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ် အမ်းထောင်မှ အကျဉ်းသားများကို အင်းစိန်ထောင်သို့ လည်းကောင်း နှင့် ဘူးသီးတောင်ထောင်မှ အကျဉ်းသားများကို စစ်တွေထောင်သို့ လည်းကောင်း ရွှေ့ပြောင်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့မှ လူငယ်များ နှင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)နီးပါး သေဆုံးခဲ့ပြီး (၇၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၂)ဦး သေဆုံးခဲ့ရပြီး (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။