(RFA) ကယားပြည်နယ် ရှားတောမြို့နယ်အနီးက ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်မှာရှိတဲ့ ဒေါ်နို့ခူး ကျေးရွာမှာ နေထိုင်တဲ့ ရွာသူရွာသားတွေကို စစ်အစိုးရတပ်တွေက ဖမ်းဆီးခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူ တရာကျော်ဟာ တောတောင်တွေထဲမှာ ထွက်ပြေး ပုန်ရှောင်နေကြ ရတယ်လို့ သိရပါတယ်။


အခုလို ရွာသူရွာသားတွေ တောထဲမှာ ထွက်ပြေး ပုန်းရှောင်နေကြရတာနဲ့ ပတ်သက်ပြီး ကရင်နီ လူမှုဖူလုံရေးနဲ့ ဖွံ့ဖြိုးရေးဌာန တာဝန်ရှိသူတဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

ကရင်နီဌာန တာဝန်ရှိသူ။  ။“ပြီးခဲ့တဲ့လ ၃၁ ရက်နေ့က ဒီ ခလရ ၉၉ ဒု-ဗိုလ်မှူးကြီး ကျော်ဆန်းတပ်နဲ့ နောက် ခလရ ၁၃၂ ဒု-ဗိုလ်မှူးကြီးဇော်ဇော်၊ အဲ့ဒီ သူတို့ ပူးပေါင်းစစ်ကြောင်းက ဒီ ရှမ်း-ကရင်နီ နယ်စပ်မှာရှိတဲ့ ဒေါနို့ခူ ရွာကို ရောက်လာတယ်။ နောက် ရွာထဲမှာရှိတဲ့ ဝက်တွေ ကြက်တွေ ပစ်ခတ်ပြီး သူတို့ စားသောက်တယ်။ ပြီးတော့မှ အဲဒီ ရွာမှာရှိတဲ့ ရွာသား ဘူးရယ်တဲ့ ၂၉ နှစ်ပေါ့။ မသကငျာ်ဘူး ဆိုပြီး ဖမ်းပြီး သူ့ကိုရိုက်နှက်တယ်။ ပြီးတော့ ရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာပေါ့။ ခြိမ်းခြောက်တော့ ရွာသားတွေက တောတွေထဲမှာပေါ့၊ နီးစပ်ရာ အဲ့ဒီတောတွေထဲမှာ သူတို့ လုံခြုံနိုင်မယ့် နေရာထဲမှာ ထွက်ပြေးကုန်ကြပြီ”

ဒေါနို့ခူးကျေးရွာမှာ နေထိုင်ကြတဲ့ ရွာသူရွာသား အများစုဟာ တောင်ယာအလုပ်ကို လုပ်ကိုင်စားသောက် ကြတဲ့ ကယားလူမျိုးတွေ ဖြစ်ကြပြီး အိမ်ခြေ ၂၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးအခြေအနေအထိတော့ လူဦးရေ တရာကျော်လောက် ဒုက်ခရောက်နေကြကြောင်း၊ တချို့ကတော့ နီးစပ်ရာ ရွာတွေမှာ သွားပြီးတော့ ခိုကပ်နေကြောင်း၊ ခပ်များများကတော့ ရှမ်း-ကယားနယ်စပ်ကို ထွက်ပြေးကြကြောင်းလည်း သူက ပြောပါတယ်၊

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း စစ်အစိုးရ၊ ခမရ ၅၆ တပ်ရင်း လက်အောက်ခံ စစ်ကြောင်းတကြောင်းဟာ ကယားပြည်နယ်အတွင်းက ပွန်ချောင်းဘေးပတ်ဝန်ကျင်မှာ တောင်ယာစပါး စိုက်ပျိုးဖို့ ခုတ်ထွင်ထားတဲ့နေရာတွေကို မီးရှို့ချိန် မရောက်သေးပဲ ခုတ်ထားတဲ့အပင်တွေကို မီးရှို့ခဲ့တာကြောင့် စပါးစိုက်ပျိုးဖို့ အခက်ကြုံနေကြရသလို အသစ် ထပ်မံခုတ်ယူဖို့အတွက်လည်း အချိန် မလုံလောက်တော့တာကြောင့် အဆင်မပြေ ဖြစ်နေကြတယ်လို့ သိရပါတယ်။