(မဇ္ဈိမ) စက်တင်ဘာ သံဃာများ ဆန္ဒထုတ်ဖော်ပွဲ ကာလ၌ ဖမ်းဆီးခံခဲ့ရသူ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုကျော်စိုးသည် မန္တလေးတိုင်း မြင်းခြံထောင် ဆေးရုံ၌ ယမန်နေ့မနက်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

တောင်းကြီးမြို့မှ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP အဖွဲ့ဝင် ကိုကျော်စိုး (ခ) ကျော်ကျော်စိုး (ခ) Jeffery (၃၉ နှစ်) သည် အသက်ရှုကြပ်သည့်ရောဂါ၊ အစာအိမ် ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က ပြောသည်။

“ဆေးဝါးအချိန်မှီ ကုသခွင့် မရတာ၊ လုံလောက်တဲ့ ဆရာဝန်တွေနဲ့ ဆေးကုသလို့ မရတာတွေဘဲ။ အစာအိမ်ရောဂါရယ်။ အသက်ရှုကြပ်တယ်လို့ ပြောတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“အစိုးရကတော့ ထိုင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲတာပဲ၊ သူက တော့ လူ့အခွင့်အရေးကြငြောစာတမ်းကို အများပြည်သူ သိအောင် ဖြန့်ဖြူးတာတော့ လုပ်တာပေါ့” ဟု ဦးဘိုကြည်က ဆက်ပြောသည်။

သူကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က တောင်ကြီးမြို့ နေအိမ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန် အင်းစိန်ထောင်၌ ချုပ်ထားခဲ့သည်။ ၂၀၀၈ ခု နိုဝင်ဘာ ၁၁ ရက်တွင် တရားမဝင်ဖွဲ့စည်းမှု ပုဒ်မ ၁၇-၁၊ ၁၃-က တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ၅ဝ၅-ခ အစိုးရအား အကြည်ညိုပျက်စေမှု တို့ဖြင့် ထောင် ၁၀ နှစ်ချခဲ့ပြီးနောက် မြင်းခြံထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP-B က ယနေ့ ထုတ်ပြန်သည်။

ကိုကျော်စိုးကို ရိုက်နှက်ညှင်းပမ်း စစ်ဆေးမှုများ ပြုခဲ့ကြောင်းနှင့် သူသည် ၁၉၈၈ ခုမှစ၍ နိုင်ငံအနှံ့ အကျဉ်းထောင်များ၌ သေဆုံးခဲ့ရသည့် ၁၄၄ ဦးမြောက် နိုင်ငံရေး အကျဉ်းသား ဖြစ်သည်ဟု AAPP-B ကပြောသည်။

၂၀၀၇ ခုနှစ်မှ စ၍ HRDP အဖွဲ့ဝင် အနည်းဆုံး ၂၀ ခန့် ဖမ်းဆီးခံထားရသည်ဟု သိရသည်။

လက်ရှိ မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်ပေါင်း ၄၄ ခု၊ ရဲဘက်စခန်း ၅၀ ကျော်တို့မှ နိုင်ငံရေးအကျဉ်း သားပေါင်း ၂၀၀၀ ကျော်ရှိသည့်အနက် ကျန်းမာရေးချို့တဲ့နေသည့် နိုင်ငံရေးအကျဉ်းသား ၁၄၂ ဦးရှိ သည်ဟု AAPP-B က ထုတ်ပြန်သည်။

အကျဉ်းသားများသည် အများအားဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ ခံစားနေရကြောင်း ဦးဘိုကြည်က ပြောသည်။

မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများ ၂ သိန်းကျော်သည် လိုအပ်သည့် ဆေးဝါးကုသမှု လုံလောက်မှု မရရှိသဖြင့် အထူး စိုးရိမ်ရသည်ဟု သူကဆိုသည်။

“ဆေးဝါးကုသခွင့် မပေးဘူး။ ကျန်းမာရေးအတွက် သင့်တော်မဲ့ အာဟာရတွေ ကျွေးတာ မရှိဘူး။ ဒိီအတိုင်းဆိုရင် နိုင်ငံရေးအကျဉ်းသားတွေက ထောင်ထဲမှာ တဖြည်းဖြည်းနဲ့ ဆုံးပါးသွားမဲ့ အနေ အထားကို ရောက်နေတယ်” ဟု သူက မဇိ္ဈမကို ပြောသည်။

ကိုကျော်စိုး သေဆုံးပြီး ဇနီးသည် ဒေါ်မေမေစိုးနှင့် ၇ နှစ်အရွယ် သမီးတဦး ကျန်ရစ်ခဲ့သည်။