ကယားပြည်နယ်ကို အာဏာသိမ်းတပ် ထိုးစစ်ဆင်သဖြင့် နေရပ်စွန့်ခွာရသော ဒေသခံများသည် ရဟတ်ယာဉ် လာရောက် ဗုံးကြဲမှုကြောင့် နေရာထပ်ရွှေ့ရသည်ဟု သိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံ ၆,၀၀၀ ကျော် မတ်လ ၁၀ ရက်မှ စတင်ကာ စစ်ဘေးရှောင်နေရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ပြောသည်။

ဘောလခဲမြို့အခြေစိုက် အမှတ် ၄၂၉၊ ၄၂၇၊ ၇၇ တပ်ရင်းတို့မှ အင်အား ၂၀၀ ဝန်းကျင်ရှိ လက်နက်ကိုင်များက ဒီးမော့ဆိုနှင့် ၂၇ မိုင်အကွာရှိ ဒေါတမကြီးကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

“ဘောလခဲကနေ ဒေါတမကြီးအုပ်စုဘက်ကို စစ်ကြောင်းထိုးလာတာ။ အကုန်လုံး စစ်ရှောင်ရတဲ့ အနေအထားဖြစ်နေတယ်။ လွိုင်ကော်နဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ တိုက်ပွဲက နေ့တိုင်းဖြစ်နေတဲ့ အနေအထားဖြစ်နေတယ်” ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့ကြောင့် ဒီးမော့ဆိုအနောက်တောင်ဘက်ခြမ်း ဒေါတမကြီး၊ ​ဒေါ​ညေးခူ၊ ​​ဒေါဆိုဖျ အပါအဝင် ကျေးရွာပေါင်း ၇ ရွာမှ အဆိုပါ ဒေသခံများ အချိန်တိုအတွင်း တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ ထိုသူများသည် ဒီးမော့ဆိုအနောက်ဘက်ခြမ်း ကျေးရွာများ၊ ဒီးမော့ဆိုနှင့် ဖရူဆို တောတောင်များထဲသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

“တစ်ခါမှ စစ်မရှောင်ဖူးတဲ့ ရွာကြီးတွေပါ စစ်ရှောင်ရတာပါ။ လက်နက်ကြီးတွေကျနေတဲ့ ရွာတွေပါ စစ်ရှောင်နေရတယ်။ ဘောလခဲနဲ့ဆို ၁၄ မိုင်လောက်ပဲ​ ဝေးမယ်။ ဒေါဆဲဘက်ကရော ဘောလခဲဘက်ကရော ဒီးမော့ဆိုကို စစ်ကြောင်းထိုးလာတာ။ သူတို့ဘက်က တင့်ကား ၂ စီးလည်း ပါတယ်” ဟု ဒီးမော့ဆိုမြို့နယ် KNDF တပ်ရင်းတစ်ခုမှ မြေပြင်ထောက်ပို့ လုပ်ဆောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

အရေးပေါ်စစ်ရှောင်နေသည့် ဒေသခံ ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ဆိုသည်။

အင်အားအလုံးအရင်းဖြင့် စစ်ထိုးနေသော စစ်ကောင်စီတပ်သည် KNDF ၊ ကရင်နီတပ်မတော် (KA) တို့နှင့် မတ်လ ၁၀ ရက် နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေါသဲကျေးရွာအတွင်း ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် ကြိုးပမ်းသော်လည်း KNDF ပြန်ကြားရေးဌာနသို့ ထပ်မံဆက်သွယ်၍ မရသေးပေ။

မတ်လ ၁၁ ရက်နေ့လည်း ဒီးမော့ဆိုအရှေ့ခြမ်း၊ ဒေါကလော်ဒူကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာအတွင်းသို့ ရဟတ်ယာဉ် ၃ စီးပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ပြီး ဗုံးသီးများပါ ကြဲချသွားခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ အမည်မဖော်လိုသူက ပြောသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လာသည့်အတွက် စစ်ရှောင် ၆,၀၀၀ ကျော်မှာ အခြားနေရာများသို့ ထပ်ဆင့်ပြောင်းရွှေ့မှုများလည်း ပြုလုပ်နေရကြောင်း စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူအချို့က ဆိုသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစ၍ ကယားပြည်နယ်အတွင်းသို့ တပ်ကူများ ပို့ထားကြောင်း KNDF ပြန်ကြားရေးတာဝန်ခံက မတ်လ ၁၁ ရက်နေ့က Myanmar Now ကို ပြောသည်။

ထိုစစ်ကူများကို ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်ရှိ ဖယ်ခုံမြို့နှင့် ပင်လောင်းမြို့များအထိသာ ကုန်းလမ်းမှ ပို့ပြီး ထိုမှတစ်ဆင့် လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့တို့တွင် ရဟတ်ယာဉ်များဖြင့် ချထားပေးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ဘယ်တပ်မတွေလည်းဆိုတော့ အတိအကျ အတည်ပြုလို့တော့ မရသေးပါဘူး။ အင်အားတော့ အရမ်းများတယ်လို့ သတင်းရထားပါတယ်။ တပ်မ ၇၇၊ တပ်မ ၃၃၊ တပ်မ ၉၉ တို့လို့တော့ ကနဦး သိထားရပါတယ်” ဟု ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီပြောခွင့်ရထံလည်း ဆက်သွယ်မေးမြန်း၍ မရသေးပါ။

ကယားပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် မိုင် ၅၀ ခန့်သာ ကွာဝေးသော ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာအတွင်း ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း သံဃာ ၃ ပါးအပါအဝင် အရပ်သား ၂၈ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KNDF က မတ်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုသတ်ဖြတ်မှုများမှာ ဒေသခံ တော်လှန်ရေးအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု သတင်းဌာနများကို ပြောထားသည်။

ဤအတောအတွင်း အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများတွင် အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို လမ်းကြောင်းပြောင်းလဲစေနိုင်သည့် လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများ ပေါ်ပေါက်နေသည်။

မြန်မာနိုင်ငံအခြေအနေများကို စိုးရိမ်မကင်းဖြစ်ရကြောင်း နိုင်ငံတကာက အဆက်မပြတ် ထောက်ပြလျက်ရှိသည်။

မတ်လ ၆ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်ပြသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင်လည်း မြန်မာပြည်အခြေအနေများကို ဖော်ပြထားသည်။

ထိုနေ့မှာပင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန် ကန့်ကွက်ထားသည်။

“မဟာမင်းကြီးရုံးအနေဖြင့် လုံခြုံရေးကောင်စီမှတစ်ဆင့် နိုင်ငံတကာရာဇဝတ်တရားရုံးသို့ မြန်မာနိုင်ငံအခြေအနေကို ညွှန်းပို့ရန် အကြံပြုချက်ကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်သည်။ အစီရင်ခံစာပါ သိမ်းကျုံးစွပ်စွဲချက်အားလုံးသည် လူ့အခွင့်အရေးအကြောင်းပြ၍ ထည့်သွင်းထားသည့် ပြည်တွင်းရေးနှင့်သာ အဓိကသက်ဆိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ ယင်းစွပ်စွဲချက်များကို အထောက်အပံ့ပြုရန် ခိုင်လုံသောသက်သေအထောက်အထားမရှိသည့်အပြင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်မှုတစ်စုံတစ်ရာ မရှိပါ” ဟု ကြေညာချက်က ဆိုသည်။

တော်လှန်ရေးအဖွဲ့များ ရှိနိုင်သည့် ကရင်၊ ကယား၊ ကချင်၊ ချင်း၊ စစ်ကိုင်း စသည့် ဒေသများရှိ မြို့နယ်အများအပြားကို အာဏာသိမ်းတပ်က အကြီးအကျယ် ထိုးစစ်ဆင်နေချိန်တွင် ရန်ကုန် အပါအဝင် မြို့ကြီးအများအပြားတွင် ပြည်သူများမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်။

Myanmar Now News