အိမ်ခြေ ၁၅၀၀ ခန့်ရှိသော ကျေးရွာကို စစ်တပ်နှင့် ပျူစောထီးများ ဝင်ရောက်လာပြီး နေအိမ် ၇၀၀ ကို တစ်နေ့အတွင်း မီးရှို့သွားသလို အနီးမှ ရွာတွင်လည်း နေအိမ် ၈၀ ခန့် မီးရှို့ခံရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မြောက်ခြမ်းတွင် ရှိသည့် ကျားရွာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂) က နေအိမ် ၇၀၀ ခန့် မီးရှို့ခံရကြောင်း ရွာခံများထံမှ သိရသည်။

ရွှေဘိုမြို့ပေါ်မှ လာသော စစ်ကောင်စီတပ်နှင့် ခွန်ဒေါင်းကြီး(ခဒေါင်း) ရွာရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည့် အင်အား ၁၅၀ ကျော်ခန့်က ဖေဖော်ဝါရီ ၁၁ တွင် ခွန်တောင်းကြီးရွာ တောင်ဘက် ကပ်လျက်ရှိသည့် ညောင်ကန်ကျေးရွာမှ နေအိမ် ၈၀ ခန့်ကို မီးရှို့ခဲ့သည်။

ထို့နောက် ထိုရွာတွင် ညအိပ် တပ်စခန်းချပြီး နောက်တစ်နေ့ နံနက် ၈ နာရီခန့်တွင် ညောင်ကန်ကျေးရွာ မြောက်ဘက် ကပ်လျက် ခင်ဦးမြို့နယ်အစပ်ရှိ အိမ်ခြေ ၁၅၀၀ ခန့်ရှိ ကျားရွာသို့ ရောက်ရှိလာကာ တစ်ရက်အတွင်း နေအိမ် ရာနှင့်ချီ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ရွှေဘိုမြို့နယ် အမှတ် ၁ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်နယ်ပကဖ) ခေါင်းဆောင်က ပြောသည်။

“ကျားရွာက အိမ် ၁၅၀၀ အနည်းဆုံးရှိတဲ့ရွာကြီးဖြစ်ပါတယ်။ မနေ့ညနေပိုင်းက ဒီကောင်တွေ ထွက်သွားလို့ ရွာသားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မီးဝင်ငြှိမ်းကြတာ၊ ၇၀၀ အနည်းဆုံးကုန်သွားမယ်၊ များလွန်းတော့ စာရင်းအတိအကျ မကောက်နိုင်သေးပါဘူး။ မြောက်ခြမ်းမှာဆို နှစ်အိမ်ပဲ ကျန်တယ်” ဟု တိုက်နယ်ပကဖခေါင်းဆောင်က ဆိုသည်။

မွန်းလွဲ ၃ နာရီခန့်တွင် ထိုစစ်ကြောင်း ရွာမှ ပြန်ထွက်သွားခဲ့သဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ရွာအတွင်း ဝင်ရောက်ကာ မီးငြှိမ်းသတ်၊ မိုင်းရှင်းလင်းကြကြောင်း သိရသည်။

“ကျားရွာကို ဝင်တဲ့အချိန် ခုခံတိုက်ခိုက်တာ မလုပ်လိုက်နိုင်ဘူး။ ဒီအတိုင်းပဲ ဝင်ရှို့သွားတာ။ အိမ်ကတော့ မီးလောင်သွားပြီပေါ့။ အဆင်ပြေသွားမှာပါ။ သိပ်ပြီးထူးမနေပါဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

အိမ်ခြေ ၃၀၀ ခန့်ရှိ ညောင်ကန်ကျေးရွာကို မီးမရှို့မီ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသလို ညောင်ကန်ရွာမှ ပြန်လည် ထွက်ခွာချိန်တွင် မိုင်းမိပြီး ၃ ဦး သေဆုံးသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Black Dragon ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“(မနက်) ၈ နာရီလောက်က နေ ၁၁ ကျော်ကျော်လောက်အထိ ဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်….တစ်ကောင်ပဲ ရလိုက်တာ။ ဒီကောင်တွေ ညောင်ကန် (ရွာ) ကနေ ထွက်တော့မှ မိုင်းမိပြီး ၃ ယောက်သေတာ။ ညောင်ကန်ကို ကျွန်တော်တို့ ဆုတ်ပေးလိုက်ရချိန်မှာ ရွာကို ဝင်ပြီး မီးရှို့သွားတာ” ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် တပ်ရင်း ၄၊ Black Dragon ပြောက်ကျားတပ်ဖွဲ့၊ ShweBo PDF ပြောက်ကျားတပ်ဖွဲ့၊ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံများမှာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက် ထောင်ဂဏန်း ရှိကြောင်း သိရသည်။

လက်နက်ပြည့်စုံသော်လည်း တပ်ဖွဲ့ဝင်အင်အား လိုအပ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ရွှေဘို၊ ခင်ဦး၊ ရေဦးနှင့် ကန့်ဘလူဒေသများမှ အာဏာသိမ်းမှု ထောက်ခံသူများကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကာ စစ်ကြောင်းထိုးရာတွင် ဒေသခံလမ်းပြသတင်းပေးသူများအဖြစ် အသုံးပြုနေသည်။

ကျေးရွာအများအပြားတွင် စစ်ကောင်စီနှင့် ပူးပေါင်းလိုသူ နည်းပါးနေရာ ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းလမ်းသုံးပြီး ပျူစောထီးအဖွဲ့များ ဆက်လက် ဖွဲ့စည်းလျက်ရှိသည်။

အဆိုပါ ပျူစောထီးအားကောင်းရာကျေးရွာများကို ဒေသတွင်းတွင် ပျူရွာဟု ခေါ်ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့များက ရံဖန်ရံခါ ဝင်တိုက်လေ့ရှိသည်။

Myanmar Now News