သုံ့ပန်းများမှာ ယမန်နှစ် ခရစ်စမတ်အကြိုနေ့တွင် မူဆိုရွာအနီး လူနှင့် ယာဉ်များ မီးပုံရှို့သည့် ဖြစ်စဉ်တွင် ပါဝင်သူများဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။

လွန်ခဲ့သည့်နှစ်က ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီးတွင် ကလေးများ အပါအဝင် လူ ၄၀ ကျော်ကို သတ်ဖြတ် မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှ လေးဦးကို ဖမ်းမိထားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။

ဒီးမော့ဆိုမြို့နယ် ဒုန်းကမီး(ဒေါကမီး)ကျေးရွာတွင် ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရရှိသည့် တပ်မ ၆၆ လက်အောက်ခံ အမှတ် ၁၀၈ ခြေမြန်တပ်ရင်းမှ ထိုစစ်သားများကို ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ထံ အပ်နှံသွားမည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ၂၀ ကျော်သေဆုံးကြောင်း၊ ဖမ်းမိသူများမှာ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦးနှင့် တပ်သား ၁ ဦးတို့ဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၃) ခူးရီးဒူက ပြောသည်။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် အခြေစိုက်သည့် ခမရ ၁၀၈ တပ်ရင်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းက ကရင်နီပြည်နယ်တွင်း ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ယမန်နှစ် ခရစ်စမတ်အကြိုနေ့၊ မိုဆိုရွာလူသတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့ကြောင်း သုံ့ပန်းများက ဝန်ခံသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေကိုယ်၌က ထွက်ဆိုချက်ဖြစ်တယ်။ သူတို့ကိုယ်၌က ဝန်ခံထားတဲ့ကိစ္စဖြစ်တယ်” ဟု ခူးရီးဒူက ဆိုသည်။

အထက်ပါ ပြောဆိုချက်နှင့် ပတ်သက်၍ သုံ့ပန်းများ၊ စစ်ကောင်စီတာဝန်ရှိသူများကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။
Moso_1.Jpeg

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး လူနှင့်ယာဉ်များ မီးပုံရှို့ခံရသည့် အပျက်အစီးများကို ၂၀၂၁ ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး လူနှင့်ယာဉ်များ မီးပုံရှို့ခံရသည့် အပျက်အစီးများကို ၂၀၂၁ ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – KNDF

ဖရူဆိုမြို့ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ မိုဆိုကျေးရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်း တစ်နေရာတွင် ၂၀၂၁၊ ဒီဇင်ဘာ ၂၄ ရက်က ကုန်တင်ကား ၅ စီး၊ အိမ်သုံးကား ၂ စီး၊ ထော်လာဂျီ ၂ စီး၊ မော်တော်ဆိုင်ကယ် ၆ စီးနှင့်အတူ မီးကျွမ်းနေသည့် ရုပ်အလောင်းနှင့် ရုပ်ကြွင်းအစိတ်အပိုင်းများ တွေ့ရသည်။

ထိုဖြစ်စဉ်ကို စစ်ကောင်စီလက်ချက်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက သက်သေများ ထုတ်ပြခဲ့ကြသည်။ စစ်ကောင်စီကမူ တိုက်ပွဲဖြစ်ချိန်တွင် ခရီးသွားယာဉ်တန်းရှေ့ပိုင်း မော်တော်ယာဉ်အချို့တွင် တင်ဆောင်လာသည့် စက်သုံးဆီများ ပေါက်ကွဲ၍ မီးလောင်ခြင်းသာဖြစ်ကြောင်း ဆိုသည်။

မီးကျွမ်းနေသည့် ရုပ်အလောင်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆရာဝန်များက ဆေးပညာအရ စစ်ဆေး၊ ကရင်နီပြည်ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်ခဲ့ရာ ရေတွက်၍ရသည့် ရုပ်အလောင်း ကျား ၂၆ နှင့် မ ၅၊ မည်သူမည်ဝါ ခွဲခြားနိုင်ခြင်းမရှိသည့် ခန္ဓာကိုယ်ရုပ်ကြွင်း ပလတ်စတစ်အိတ်အကြီး သုံးလုံစာရှိ၍ သေဆုံးသူ ၄၀ ကျော်မည်ဟု တော်လှန်ရေးအင်အားစုတို့က သတ်မှတ်ထားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီကို နိုင်ငံတကာတရားစီရင်ရေးနည်းလမ်းများဖြင့် တရားစွဲရန် စီစဉ်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးနှင့် ကရင်နီပြည်ရဲတပ်ဖွဲ့က ဆိုထားသည်။ တစ်နှစ်ကြာချိန်တွင် မည်သို့ ဆက်လက်လုပ်ဆောင်နေသည်ကို မသိရသေးပေ။
Mu_so_case_f.jpeg

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာ၊ မီးလောင်ပြင်နှင့် စစ်ကောင်စီတပ်အခြေစိုက်သည့် တည်နေရာတို့ကို ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် တွေ့ရစဉ်။ ဒီဇိုင်း Myanmar Now

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာ၊ မီးလောင်ပြင်နှင့် စစ်ကောင်စီတပ်အခြေစိုက်သည့် တည်နေရာတို့ကို ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် တွေ့ရစဉ်။ ဒီဇိုင်း Myanmar Now

ထိုဖြစ်စဉ်ပြီးနောက်တွင် ခမရ ၄၂၈၊ ၅၃၁၊ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် အခြေစိုက်စခန်းတို့နှင့် အလှမ်းမဝေးသည့် နေရာတွင်ရှိသည့် မိုဆိုရွာခံများမှာ ယနေ့တိုင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု စုံစမ်း သိရှိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း စစ်ကောင်စီကို ခုခံနေသည့် နိုင်ငံအနှံ့ ဒေသများအနက် ကယား(ကရင်နီ) ပြည်နယ်သည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ယမန်နှစ်ကုန်ပိုင်းတွင် မြို့တော် လွိုင်ကော်ကိုပါ တော်လှန်ရေးအဖွဲ့များက ခြိမ်းခြောက်နိုင်ပြီးနောက်တွင် စစ်ကောင်စီက ကယား (ကရင်နီ) အတွင်း လေကြောင်း၊ အတွဲလိုက်ပစ်ဒုံး၊ လက်နက်ကြီး၊ တင့်ကားမျိုးစုံသုံး၍ စစ်ဆင်နေသည်။

နေပြည်တော်သို့ ကားဖြင့် သွားလျှင် နာရီပိုင်းခရီးသာရှိသည့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီက စစ်ဆင်ရေးများ ဆက်တိုက်လုပ်နေသည်။
Moso_info-Graph.jpeg

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် လူနှင့် ယာဉ်များ မီးပုံရှို့ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီပြောဆိုချက်နှင့် မြေပြင်အခြေအနေကွဲလွဲချက်

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် လူနှင့် ယာဉ်များ မီးပုံရှို့ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီပြောဆိုချက်နှင့် မြေပြင်အခြေအနေကွဲလွဲချက်
Kndf_photo.jpeg

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး သတ်ဖြတ်ခံရသူများကို ၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်က သင်္ဂြိုဟ်နေစဉ်။ ဓာတ်ပုံ - Myanmar Now

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး သတ်ဖြတ်ခံရသူများကို ၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်က သင်္ဂြိုဟ်နေစဉ်။ ဓာတ်ပုံ – Myanmar Now

Myanmar Now News