စစ်ကိုင်းတိုင်း၊ ရွှေဘို မအူပင်ရွာမှ စစ်သား ၇၀ ခန့် ထွက်ခွာသွားပြီးနောက် သက်ကြီးဒေသခံ ၅ ဦး၏ ရုပ်အလောင်း ကျန်ခဲ့သည်၊ အိမ်အလုံး ၁၀၀ ပျက်စီးသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မအူပင်ကျေးရွာကို ဝင်ရောက်စီးနင်းမီးရှို့သည့် စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် အသက် ၅၀ နှင့် ၉၀ ကြား ဒေသခံ ၅ ဦး၏ ရုပ်အလောင်းကို ယမန်နေ့ (ဒီဇင်ဘာ ၁) တွင် တွေ့ရသည်ဟု ရွာခံများက ပြောသည်။

နိုဝင်ဘာ ၃၀ နေ့လယ်တွင် စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းက မြို့အနောက်ဘက် ၂၁ မိုင် အကွာရှိ ထိုရွာကို ပစ်ခတ်ဝင်ရောက် မီးရှို့ခဲ့ပြီးနောက် ည ၁၀ နာရီခန့်တွင် ပြန်ထွက်သွားကြောင်း နောက်တစ်နေ့ ရွာအတွင်း ဝင်ရောက်ကြည့်ရှုသော ရွာခံများက ပြောသည်။ 

သေဆုံးသူများသည် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ စိတ်ကျန်းမာရေး မကောင်းသူများဖြစ်သည်၊ ၄ ဦးတွင် ကျည်သင့်ဒဏ်ရာ တွေ့ရသည်ဟု ရွာသားများက ပြောသည်။

အသက် ၆၀ အရွယ် ဦးတင်ညို၊ ၅၅ နှစ်အရွယ် ဦးကံငြိမ်း၊ ၅၀ အရွယ် ဦးကျော်ဦးတို့ အနီးကပ်ပစ်သတ်ခံထားရဟန် ရှိသည်၊ အသက် ၇၀ အရွယ် ဒေါ်ဝင်းလည်း ကျည်ထိထားသည်၊ အသက် ၉၀ အရွယ် ဦးသန်းပုတွင် ဒဏ်ရာရှိမနေဟု ဆိုသည်။ 

“ဘယ်သူ့မှကို မတိုက်ရဘူး။ သူတို့ကပဲ ပစ်ဝင်လာတာပဲ။ လက်နက်ကြီး အလုံး သုံးလေးဆယ်လောက် ပစ်ဝင်တာပဲ။ ဝင်ပြီးတော့ နောက်က တောက်လျှောက် သေနတ်တွေနဲ့ ပစ်ပြီးတော့၊ ဝင်ဝင်ချင်း မီးရှို့တော့တာပဲ” ဟု မအူပင်ရွာသားတစ်ဦးက ပြောသည်။

နေအိမ်ထဲတွင် ပုန်းနေသည့် ဒေါ်ဝင်း ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကာ သားဖြစ်သူ ဦးကျော်ဦးလည်း အနီးကပ် ပစ်သတ်ခံရကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က ခွပစ်တော့ အိမ်ထဲပုန်းနေတဲ့သူ ထိသွားတာ။ (ဦးကျော်ဦး) တစ်ယောက်ကတော့ အပြင်ထုတ် သတ်ခံရတာ၊ ဦးနှောက်တွေကို ထွက်လို့။ သားအမိနှစ်ယောက်လုံး ပုန်းနေတာ။ မအေက ကျည်မှန်သွား‌တော့ (သားက ပုန်းနေရာက) ထွက်လိုက်တာပေါ့ဗျာ၊ သူ့ပါ သတ်လိုက်တာ” ဟု ၎င်းက ပြောသည်။

စိတ်ကျန်းမာရေးမကောင်းသူများဖြစ်သည့် ဦးတင်ညိုကို နေအိမ်ခြံဝင်းတစ်ခုအတွင်း၊ ဦးကံငြိမ်းကို ချုံပုတ်တစ်ခုအတွင်း တွေ့ရသည်ဟု ဆိုသည်။

“ဦးကံငြိမ်းက လမ်းလယ်ခေါင်မှာ စားသောက်တယ်၊ လမ်းမှာနေတယ်။ ကျန်ကျောင်းအိတ်ကြီးနဲ့ ခွက်တွေ စားစရာတွေ ထည့်ပြီး သွားနေတဲ့လူပေါ့ဗျာ။ သူ့ကိုပါ သတ်သွားတာ။ သူ့လည်း ပါးစပ်ထဲ (သေနတ်) ပြောင်းထိုးပြီး ပစ်တာဖြစ်မှာ၊ နောက်စေ့ပွင့်နေတာ” ဟု အထက်ပါ ရွာခံက ဆိုသည်။

ဘုန်းကြီးကျောင်းတွင် ပုန်းအောင်းနေသည့် အသက် ၉၀ အရွယ် ဦးသန်းပုမှာ ပစ်ခတ်သံများကြောင့် ထိတ်လန့်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ရွာခံများက ပြောသည်။

စစ်တပ်က အိမ်ခြေ ၄၀၀ ခန့်ရှိ မအူရွာကို မီးတင်ရှို့ခဲ့ပြီးနောက် နေအိမ် ၁၁၀ ခန့် မီးလောင်သွားကြောင်း၊ ယင်းနေ့ ည ၁၀ နာရီခန့် တွင် မအူပင်ရွာအရှေ့ဘက် မိုင်ဝက်ခန့်အကွာ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိသော ဆင်အင်းကျေးရွာသို့ ရောက်ရှိလာကြောင်း သိရသည်။

စစ်ကြောင်း နေ့ချင်းပြန်ထွက်သွားသော်လည်း ရွာခံအများစုမှာ မူးမြစ်တစ်ဘက်ကမ်း ဒီပဲယင်းမြို့နယ်ထဲသို့ ထွက်ပြေးနေကြပြီး ယနေ့တိုင် ရွာထဲ ပြန်မဝင်ရဲသေးကြောင်း နေအိမ် မီးလောင်ခံရသော မအူပင်ရွာခံ နောက်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာက လက်နက်ကိုင်တော်လှန်ရေးသမားမရှိတဲ့ ရွာပါ။ ရွာထဲမှာ ဘာတော်လှန်ရေးသမားမှ မရှိဘူး။ ဒါလည်း မီးရှို့တာပါပဲ။ ရှို့ချင်တဲ့အိမ် ရှို့သွားတာပဲ။ ကျွန်တော်တို့ကတော့ ဘာပစ္စည်းမှလည်း သယ်မသွားနိုင်ခဲ့သလို၊ ဘာမှလည်း မကျန်တော့ဘူး။ အကုန်ပြောင်သွားပြီ” ဟု ထိုအမျိုးသားက ဆိုသည်။

ဝင်ရောက်တပ်စွဲထားသည့် ဆင်အင်းရွာကိုလည်း စစ်သားများက ယနေ့ မီးတင်ရှို့နေကြောင်း သိရပြီး ရွာအတွင်း သတ်ဖြတ်ခံရသူအချို့ရှိကြောင်း ဒေသခံများက ပြောသော်လည်း စစ်တပ်က တပ်စွဲထားဆဲဖြစ်သဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

Myanmar Now News