အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာတစ်ဦးကို ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်း ၁၅ ဦးခန့်က ထိုးကြိတ်ရိုက်နှက်သည်ဟု သိရသည်။

မန္တလေးတိုင်း မြင်းခြံမြို့ရှိ အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အုပ်စုဖွဲ့ ရိုက်နှိပ်စက်ခြင်းများ ရှိနေပြီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦး သတိလစ်သည်အထိ ရိုက်နှက်ခံရကာ ဒဏ်ရာအပြင်းအထန်ရထားသူတစ်ဦးလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် မန္တလေးအိုးဘိုထောင်နှင့် မုံရွာထောင်မှ ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို စစ်ကောင်စီက မြင်းခြံထောင်သို့ ရွှေ့ပြောင်းပြီးနောက် ထိုသို့ အုပ်စုဖွဲ့ရိုက်နှက်ခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။​

မြင်းခြံထောင်သို့ ရောက်သည်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်ပုံစံ ထိုင်ခိုင်းကာ တန်းစီ ရိုက်နှက်ခဲ့သည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် တစ်ဦးက Myanmar Now ကို ပြောသည်။

“ထောင်ထဲမှာ လူ့အခွင့်အရေး လိုချင်မနေနဲ့ဆိုပြီး ရိုက်တယ်။ တစ်နေ့ကို လေးခါလောက် ထောင်ပုံစံထိုင်ခိုင်းတယ်။ တစ်ခါထိုင်ခိုင်းရင် ၂ နာရီလောက်ကြာတယ်” ဟု ထောင်တွင်း သတင်းရင်းမြစ်ကို ကိုးကား၍ ၎င်းက ဆိုသည်။

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) ခေါင်းဆောင်ဖြစ်သူ ကိုဇင်မင်းထက်သည် ထောင်ပုံစံမထိုင်နိုင်၊ ဆံပင်မညှပ်နိုင်ဟု ငြင်းဆန်သဖြင့် ထောင်အာဏာပိုင်များက သတိလစ်မေ့မျောသည်အထိ ရိုက်နှက်ခဲ့သည်ဟု သိရသည်။

“ဆေးရုံတင်ရတယ်။ ထပ်သိရတာက (နောက်ထပ်) ရဲဘော်တစ်ဦး ထပ်ရိုက်ခံရတယ် သိရတယ်” ဟု မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ဆက်ပြောသည်။

ကိုဇင်မင်းထက် ရိုက်နှက်ခံရစဉ်က မကျေနပ်၍ ဝင်ရောက်ပြောဆိုခဲ့သော ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာတစ်ဦးကို ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်း ၁၅ ဦးခန့်က ထိုးကြိတ်ရိုက်နှက်သည်ဟု သိရသည်။

ထိုသို့ ဝိုင်းအရိုက်ခံရသဖြင့် မျက်နှာနှင့် နံရိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို ဆေးကုသခွင့်မပေးဘဲ ခြေချင်းနှင့် ၆ လက်မဒေါက် (သံခြေကျင်း) ပါ ခတ်ထားခံရသည်ဟု နီးစပ်သူများက ဆိုသည်။​

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) အနေဖြင့် ဝင်ရောက် စစ်ဆေးပေးရန် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တောင်းဆိုထားသည်။

မုံရွာထောင်မှ ရောက်လာသည့် နိုင်ကျဉ်းများကို ရိုက်နှက်ရန် အဆောင်မှူးများက တန်းစီးဖြစ်သည့် အကျဉ်းသားများကို ညွှန်ကြားထားကြောင်း သိရသည်။​

အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသားများလည်း ရိုက်နှက်ခံရကြောင်း၊ ထောင်အာဏာပိုင်များထံ တင်ပြထားသော်လည်း အရေးမယူကြောင်း သိရသည်။

မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းများ အဓမ္မစေခိုင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်စေခြင်း၊​ ဆေးကုသခွင့် မရခြင်း၊ ထောင်ပုံစံမကြာခဏ ထိုင်ခိုင်းကာ ရိုက်နှက်ခြင်းများအပြင် ငွေကြေးတောင်းခြင်းများလည်း ရှိနေသည်ဟု သိရသည်။

မြင်းခြံထောင်တွင် တရားရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပုံမှန် ထောင်ဝင်စာ တွေ့ခွင့်ရသည့်နေ့ဖြစ်သော်လည်း ပိုက်ဆံပေးမှ တွေ့ခွင့်ရသည်ဟု ဆိုသည်။​

အလားတူ ပုဒ်မ ၅၀၅ ဖြင့် ထောင်ကျနေသူများ ဖျားနာလျှင် ဆေးကုမပေးခြင်း၊ ဆေးကုပေးသည့် ထောင်ကျန်းမာရေးဝန်ထမ်းများကို ထောင်ပိုင်က ကြိမ်းမောင်းခြင်းများရှိသည့်နည်းတူ အလုပ်ကြမ်း မလုပ်လိုပါက ပိုက်ဆံဖြင့် လာဘ်ထိုးရသည်ဟု အမည်မဖော်လိုသူ ထိုမိသားစုဝင်က ဆက်ပြောသည်။

“အဘွားကြီးတွေလည်း မိုးထဲ ယာလုပ်ခိုင်းတယ်။ တစ်ယောက်ဆို မျက်စိလည်း မကောင်းဘူး၊ အဘွားကြီး လုပ်နိုင်လား၊ မလုပ်နိုင်ရင် ၂ သောင်းခွဲပေး ပြောတယ်”

ရန်ကုန် အင်းစိန်ထောင်၌လည်း နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အလုပ်ခိုင်းခြင်း၊ ငွေတောင်းခံခြင်း၊ ဆန္ဒပြသူများကို ထောင်ပြောင်းခြင်း၊ ရဲဘက်စခန်းပို့ဆောင်မည်ဟု ခြိမ်းခြောက်ခြင်းများရှိသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။

စစ်ကောင်စီက ဇူလိုင်လဆန်းမှစ၍ အင်းစိန်အကျဉ်းထောင် အပါအဝင် မန္တလေးအိုးဘိုထောင်၊ မုံရွာထောင်၊ မွန်ပြည်နယ် ကျိုက်မရောထောင်နှင့် ကရင်ပြည်နယ် ဖားအံထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို မြင်းခြံထောင်နှင့် ပဲခူးတိုင်းရှိ သာယာဝတီထောင်များသို့ ပြောင်းရွှေ့ ခဲ့သည်။

Myanmar Now News