(RFA) စစ်အစိုးရနဲ့ ဆက်ဆံရာမှာ သုံးစွဲနေတဲ့ ရင်းနှီးမြုပ်နှံမှု ငွေကြေးတွေ အပါအဝင် စစ်အစိုးရကို ပေးအပ်တဲ့ ငွေကြေးစာရင်း ဇယားတွေကို တိတိကျကျ ဖော်ထုတ်ရှင်းလင်းဖို့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေ စုပေါင်း တောင်းဆိုလိုက်ကြပါတယ်။

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့က နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ဧပြီ ၂၇ ရက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

Earthrights International (ERI) လို့ခေါ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့နဲ့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ဦးစီးကျင်းပတဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်း ၁၆၀ ကျော်က လက်မှတ်ရေးထိုး ပူးပေါင်းပါဝင်ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အဓိက သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံနေတဲ့ Total, Chevron နဲ့ ထိုင်း PPTEP ရေနံကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အဲဒီက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ မခံစားခဲ့ရတာကို အချက်အလက် အထောက်အထားတွေနဲ့ ရှင်းလင်း ပြောပြပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေက ရရှိတဲ့ အကျိုးအမြတ်တွေကို စစ်အစိုးရက ဘယ်နေရာမှာ အသုံးပြုနေတယ်ဆိုတာ ပြည်သူတွေ သိသင့်တယ်လို့ ယူဆတဲ့အတွက် အခုလို လှုပ်ရှားဆောင်ရွက်ရတဲ့ အကြောင်း ERI အဖွဲ့တာဝန်ခံ ကိုနိုင်ထူးက ရှင်းပြပါတယ်။

၂၀၀၈ ခုနှစ်က နာဂစ်လေမုန်တိုင်း တိုက်တဲ့အချိန်၊ ၂၀၀၉ ခုနှစ်က ချင်းပြည်နယ်မှာ အစာငတ်မွတ်တဲ့ ဘေးသင့်တဲ့အချိန်မှာ စစ်အစိုးရက အခက်အခဲဖြစ်နေတာကို အကူအညီမပေးပဲ နိုင်ငံတကာမှာ လိုက်ပြီး တောင်းနေရတဲ့အတွက်ကြောင့် အရေးကြီးတဲ့ မေးခွန်းအနေနဲ့ သဘာဝဓာတ်ငွေ့က ရရှိတဲ့ တိုင်းပြည်ဝင်ငွေ ၅၀ ရာခိုင်နှုန်းကို စစ်အစိုးရက ဘယ်နေရာတွေမှာ သုံးစွဲနေသလဲဆိုတာ မေးမြန်းလိုကြောင်း သူက ပြောကြားပါတယ်။

ရေနံကုမ္ပဏီကြီးတွေရဲ့ မြန်မာပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဝယ်ယူဖို့အတွက် ပိုက်လိုင်းတွေ ဖောက်လုပ်ရာမှာ ဒေသခံပြည်သူတွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က နိုင်ငံတကာရေးရာ တာဝန်ခံ ကိုဝင်းအောင်က ရှင်းပြပါတယ်။

ရေနံနဲ့ သဘာဝ ဓာတ်ငွေ့က ရရှိတဲ့ ဝင်ငွေဟာ စစ်အစိုးရရဲ့ အဓိက ဝင်ငွဖြေစ်ပြီးတော့ သူတို့ရဲ့ အာဏာတည်မြဲရေးနဲ့ မြန်မာ့ နိုင်ငံရေးမှာ သူတို့ ကြိုက်သလို ကစားနိုင်အောင် ဖန်တီးပေးနေကြောင်း သူက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်လည်း ဒီရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေကြောင့် ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်တွေကို ERI အဖွဲ့နဲ့ ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့တို့က လေ့လာတွေ့ရှိချက်တွေကို ကိုးကားပြီး ရှင်းလင်းပြခဲ့ပါတယ်။