စစ်တပ် ပြန်သွားသည့် စစ်ကိုင်းတိုင်း ချင်းပုန်းရွာတွင် ရုပ်အလောင်း ၉ ခု ကျန်ခဲ့သည်၊ ကလေးများအပါအဝင် ဒေသခံ ၂၀၀ ခန့်လည်း ၃ ရက်ကြာ ဓားစာခံအဖြစ် အဖမ်းခံခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ၃ ရက်ကြာ တပ်စွဲသွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာတွင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် နှိပ်စက်ညှဉ်းပန်းခံထားရသူ ၉ ဦး၏ ရုပ်အလောင်းကို ယနေ့ ( ဖေဖော်ဝါရီ ၂၈) နေ့လယ်ပိုင်းက တွေ့ရှိခဲ့ရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

စစ်တပ်တပ်စွဲခဲ့သည့် ဘုန်းကြီးကျောင်းဘေးတွင် ၆ လောင်း၊ ထိုကျောင်းရှေ့ နေအိမ်ဝင်းတွင် ၁ လောင်း၊ ကျောင်းနောက်ဘက် အုတ်တံတိုင်းအနီးတွင် ၂ လောင်း တွေ့ရှိခဲ့ရသည်ဟု ချင်းပုန်းကျေးရွာ အရှေ့ပိုင်းတွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားက ပြောသည်။

“သေတာတွေကတော့ ရက်ရက်စက်စက်ကို မသေမချင်းလုပ်ထားတဲ့ ပုံမျိုးတွေ။ တချို့ကလည်း လက်ကျိုးတာမျိုးတွေ၊ တချို့ကလည်း ပါးချိတ်တွေ ရွဲ့နေတာမျိုးတွေ၊ မျက်လုံး၊ မျက်ကွင်းတွေ ဖူးရောင်ပိန်ရှုံ့ပြီးတော့ ရွဲ့နေတဲ့ပုံစံမျိုးတွေပါပဲ” ဟု ၎င်းက ပြောသည်။

“နှိပ်စက်ပြီး သတ်ထားတဲ့ အနေအထားမျိုးတွေဗျ”

ရွာမှ သေဆုံးသူ ၂ ဦးမှာ အသက် ၅၀ အရွယ် ဦးအောင်မောင်းနှင့် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ထိုအမျိုးသမီး၏ ဖခင်ဖြစ်သူ အသက် ၆၀ အရွယ် ဦးကျော်စိန်ကို စစ်တပ်က နှိပ်စက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။

ကျန်အလောင်း ၇ လောင်းမှာမူ ချင်းပုန်းရွာသားများမဟုတ်သည့်အတွက် ၎င်းတို့၏ အမည်နှင့် နေရပ်များကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ် ၄ စင်းဖြင့် ရွာမှ ထွက်ခွာချိန်တွင် ပစ်ခတ်သွားခဲ့ကြောင်း၊ ရွာရှိ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထိုရဟတ်ယာဉ်မှာ သပြေအေးကျေးရွာသို့ ရောက်ရှိနေပြီး မီးရှို့ဖျက်ဆီးနေသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

“ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ခုလိုမျိုးလုပ်တာကတော့ တကယ်ကို အတ္တဆန်ပြီး လူမဆန်တဲ့ပုံစံမျိုးတွေ ဖြစ်တာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

“ရွာအခြေအနေကတော့ ရွာနားမကပ်ရဲဘူးဗျာ။ (ရဟတ်ယာဉ်) ပြန်လှည့်လာမှာစိုးတာကြောင့်”

စစ်သားများ ပြန်သွားပြီဖြစ်သောကြောင့် ၎င်းတို့ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည် ကလေး ၁၀၀ ကျော် အပါအဝင် ဒေသခံ ၂၀၀ နီးပါး အိမ်ပြန်နိုင်ကြပြီဖြစ်သည်ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၆ နံနက်ပိုင်းက ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်(YMB PDF) သင်တန်းဆင်းပွဲပြုလုပ်နေစဉ် ရဟတ်ယာဉ် ၅ စီးနှင့် စစ်သားများ ရုတ်တရက်ရောက်လာပြီး ပစ်ခတ်ရာ ကျည်ထိမှန်သွားသူများရှိကြောင်း ရွာသားနှစ်ဦးနှင့် ကလေးဖခင်တစ်ဦးက Myanmar Now ကို ယမန်နေ့က ပြောသည်။

သတင်းရင်းမြစ်များထဲမှ တစ်ဦးမှာ စစ်တပ်ရောက်လာ၍ ပုန်းအောင်းနေရာမှ ဖမ်းမိသွားသည့် ပန်းမထုံးကျေးရွာမှ ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

ညဘက်တွင် ရောက်လာသည့် စစ်အရာရှိက ၎င်း၏ ဖုန်းဖြင့် မှတ်တမ်းတင်ထားသည့် သေဆုံးသူ ၆ ဦး၏ အလောင်းပုံများကို ပြလျက် ရိုက်နှက် နှိပ်စက်သည်ဟု ထိုလူငယ်က ပြောသည်။

“သူတို့က ဘုန်းကြီးကျောင်းထဲကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတယ်။ သူတို့ရဲ့ ဗိုလ်ကြီးအခန်းမှာ ဆက်ချုပ်ထားတယ်။ တစ်ညလုံး ကျွန်တော် ကြိုးတွေဖြည်ပြီးတော့ မနက်လင်းတော့ (၅ နာရီဝန်းကျင်) ကျွန်တော်ထွက်ပြေးလာခဲ့တယ်” ဟု ၎င်းက ပြောသည်။

ဘုန်းကြီးကျောင်းကို စစ်သားတို့က စစ်ကြောရေးစခန်းအဖြစ် အသုံးပြုနေပြီး ထိုညက ရိုက်နှက် နှိပ်စက်သံများ၊ အော်ဟစ်ညည်းညူသံများကို ကြားခဲ့ရသည်ဟု သူက ဆက်ပြောသည်။

ရိုက်နှက်ခံရသူများထဲတွင် ကျေးရွာလူကြီး အသက် ၆၀ အရွယ် ဦးကျော်စိန်ပါဝင်ကြောင်း၊ အမျိုးသမီးတစ်ဦးကို တိုင်တွင် ကြိုးတုပ်လျက် စစ်သားတို့ စစ်ဆေးမေးမြန်းနေသည်ကိုလည်း မြင်ခဲ့ရကြောင်း သူက ပြောသည်။

“ကျွန်တော်မခံချင်ဘူးဗျ။ ပြည်သူတွေကို နှိပ်စက်နေတာမြင်တော့၊ ကျွန်တော့်မှာ ဓားလည်း ပါမသွားဘူး၊ သေနတ်လည်း ပါမသွားဘူး။ အားမမျှလို့သာ ကျွန်တော် ကိုယ်လွတ်ရုန်းလာခဲ့ရတာ” ဟု သူက ပြောသည်။

စစ်တပ်ဖမ်းထားသည့် နေရာမှ မည်သို့ပြန်လည်လွတ်မြောက်လာသည်ကိုမူ ထိုလူငယ်ထံမှ အသေးစိတ် မသိရပေ။

စစ်တပ်စီးနင်းချိန်ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့သည့် ၃၂ နှစ်အရွယ် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း အထက်ပါလူငယ်ပြောသည့် ဖြစ်စဉ်များ မှန်ကန်ကြောင်း အတည်ပြုသည်။

စစ်တပ်က ပစ်၍ ကလေးတချို့ လဲကျသွားသည်ကို ရွာအလယ်ပိုင်းရှိ နေအိမ်တစ်လုံး၌ ပုန်းခိုနေစဉ် တွေ့ခဲ့ရသည်ဟု အထက်ပါ PDF အဖွဲ့ဝင်က ဆိုသည်။

စစ်တပ်က ဘုန်းကြီးကျောင်း၌ ဝင်ရောက်တပ်စွဲချိန်တွင် ထိုနေရာမှ ဝေးရာသို့ ပြေးနိုင်ခဲ့သည်ဟု ထိုသူက ပြောသည်။

“ကျွန်တော့်မျက်စိရှေ့မှာတင် ၂ ယောက်လောက်တော့ လဲတယ်။ ပစ်ခံရတဲ့သူတွေကတော့ ၁၃ နှစ်၊ ၁၄ နှစ် အရွယ်လောက်ရှိတာပေါ့။ သူတို့ကဝင်တော့ ကျွန်တော်တို့က ကြောက်အားလန့်အားနဲ့ ပြေးတဲ့အခါမှာ နောက်ကနေ လိုက်ပစ်တာပေါ့” ဟု ၎င်းက ပြောသည်။

ဒေသခံများကို ဖမ်းထားသည့် ဘုန်းကြီးကျောင်းအတွင်းမှ အော်ဟစ်သံများကြားခဲ့ရသည်ဟု ဆိုသည်။

“မျက်စိနဲ့တော့ မမြင်ရပေမဲ့ ရိုက်နှက်နေတာတို့ အော်သံ၊ တောင်းပန်နေတဲ့ အသံတွေကိုတော့ ကြားနေရတာပေါ့” ဟု ၎င်းက ပြောသည်။

သို့သော် ၎င်းပုန်းအောင်းနေသည့် နေရာနှင့် ဘုန်းကြီးကျောင်း အကွာအဝေးကိုမူ ရှင်းလင်းစွာမသိရပေ။

အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက မူကြိုကျောင်းမှာ ဘုန်းကြီးကျောင်းနှင့် ကပ်လျက်တည်ရှိပြီး ညောင်ကိုင်း၊ စံယား၊ သမင်ရပ် ကျေးရွာများမှ ရောက်နေသည့် ကလေးငယ်နှင့် မိခင်များပါ ပိတ်မိခဲ့သည်ဟု ပြောသည်။

“စိတ်ပူရတာပေါ့ဗျာ။ တချို့က ကလေးတွေ အမေတွေနဲ့ တကွဲစီ ပြေးရလွှားရ။ ကိုယ့်သားသမီးက ဘယ်မှာမှန်းမသိ။ တချို့ မျက်မမြင်၊ အဘိုးကြီးအို၊ အမယ်ကြီးအိုတွေကလည်း တောင်စမ်းမြောက်စမ်းနဲ့ တိမ်းရှောင်နေကြရတာပေါ့” ဟု ၎င်းက ပြောသည်။

ဖမ်းခံခဲ့ရသူများထဲတွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း လာတက်သည့် အသက် ၁၀ နှစ်မှ ၁၆ နှစ်ကြား ၃၀ ဦး၊ ထိုကလေးများကို ကျောင်းလာပို့သည့် မိဘအုပ်ထိန်းသူများလည်း ပါဝင်သည်ဟု ထိုသူ့ထံမှ သိရသည်။

ချင်းပုန်းရွာမှ ထွက်ပြေးတိမ်းရှောင်နေသူများ တစ်အိမ် တစ်ယောက် ပြန်လာရန်၊ မလာလျှင် နေအိမ်များကို ချိပ်ပိတ်မည်ဟု ယမန်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က လိုက်လံကြေညာနေသော်လည်း မပြန်ရဲကြဟု အထက်ပါ အမျိုးသားက ပြောသည်။

“အိမ်တွေ လေး၊ ငါး လုံးလောက် မီးလောင်တယ်လို့လည်း ကြားတယ်။ ကားတွေလည်း တော်တော်များများ မီးရှို့တယ်လို့ ကြားတယ်။ ကျွန်တော်တို့ကတော့ ရွာထဲ မဝင်ရဲလို့ မဝင်ဘူး” ဟု သူက ယမန်နေ့ ညနေပိုင်း စစ်သားများ ရွာထဲရှိနေချိန်တွင် ပြောသည်။

ထိုဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေသည်ဆိုသည့် YMB PDF မှ ကိုဘိုဦးက စစ်တပ်က ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို လူသားဒိုင်းသဖွယ် ဓားစားခံလုပ်ထား၍ အခက်တွေ့နေသည်ဟု ယမန်နေ့က ဆိုသည်။

“လူအသေအပျောက်ကတော့ အခုထက်ထိ မကြားရသေးဘူ။ ပိတ်မိနေတဲ့ ကလေးတွေတော့ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတယ်။ ဒီလိုမျိုးပိတ်မိနေတယ်။ ရွာကို မီးတိုက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့လဲ ဘယ်လိုပဲဖြစ်ဖြစ် ပစ်ဝင်ရတော့မှာပဲ” ဟု ကိုဘိုဦးက ပြောသည်။

ယမန်နေ့ စစ်ကောင်စီသတင်းစာများတွင် စစ်တပ်က ရွာကို ဝင်စီးခဲ့သည်ဟု ဖော်ပြထားသည်။

“သတင်းအရ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား လိုအပ်သည့် စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး ချဉ်းကပ်စဉ် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် အရှေ့မြောက်ဘက်နှင့် အနောက်ဘက်သို့ ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်” ဟု စစ်ကောင်စီသတင်းတွင် ဖော်ပြထားသည်။

ရုပ်အလောင်းတချို့နှင့် ဒေသထွက်သေနတ် ၂၂ လက် ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပေ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ထားပြီး ပြင်းထန်စွာရှုတ်ချသည်ဟု ဆိုထားသည်။

ချင်းပုန်းရွာတွင် ၅ နှစ်အောက် မူကြိုအရွယ် ၈၀ ဦးနှင့်  ၁၂ နှစ်အောက် ကလေးများ အဖမ်းခံရသည်ဟု NUG က ယမန်နေ့က အတည်ပြုထားသည်။

ကလေးများလွတ်မြောက်ရေး၊ ဘေးကင်းရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုများကို ကုစားနိုင်ရေး ကူညီကြပါရန် NUG ၏ လူ့အခွင့်အရေးဌာနက နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့သည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံမှုများပေါ်လာပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများပါဝင်သည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသော်လည်း အချိန်တိုအတွင်း PDF အဖွဲ့များ အားကောင်းမောင်းသန် ထူထောင်လာနိုင်သည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်တပ်က အလုံးအရင်းဖြင့် စစ်ဆင်နေသည်။

စစ်တပ်က ​လက်နက်ကြီးနှင့် လေကြောင်းကိုပါ အသုံးပြုတိုက်ခိုက်နေပြီး ထိုဒေသအတွင်းရှိ ကျေးရွာများကို တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်း၊ နေအိမ်များကို မီးရှို့၊ ဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်အထိ ကြမ်းတမ်းစွာနှိမ်နင်းနေသည်။

Myanmar Now News