အာဏာသိမ်းမှု တစ်နှစ် နီးကပ်လာသည့်တိုင်အောင် “နိုင်ငံတကာ အသိုင်းအဝိုင်းသည် လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် မြင်တွေ့ခဲ့ရသည့် ဆန္ဒပြသူများကို ပစ်မှတ်ထား၍ သေစေလောက်သော အကြမ်းဖက်မှုများ အပါအဝင် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအား အရေးယူရန် ဆက်လက်နှောင့်နှေးနေပါက၊ လူ့အခွင့်အရေး အကျပ်အတည်းများ ပိုဆိုးလာနိုင်သည်ဟု” အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် အဆိုပါသတိပေးချက်များကို ရက်ပေါင်း ၃၆၅ နီးပါး လျစ်လျူရှုထားသည်။ အသက်အန္တရာယ်ကြားမှ စွန့်စားကာ လူထု၏ လိုအပ်ချက်များကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုကြသော မြေပြင်ရှိ တက်ကြွလှုပ်ရှားသူများနှင့် လူမှုအသိုင်းအဝိုင်းတို့၏ အသံကို ယင်းကဲ့သို့ လျစ်လျူရှုကာ အရေးယူရန်ပျက်ကွက်မှုသည် လက်ခံနိုင်စရာမရှိပါ။ ပြည်သူများသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အရေးယူဆောင်ရွက်မှုများနှင့် ၎င်းတို့၏ အသက်ကို ကာကွယ်ပေးရန် အချိန်ကာလကြာရှည်စွာ စောင့်မျှော်နေခဲ့သည်။​ နိုင်ငံတကာမူဝါဒအရ  ရည်ရွယ်ချက်ရှိရှိဖြင့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည့်  ၎င်းတို့၏ တာဝန်ဝတ္တရားများအားလုံးကို ပျက်ကွက်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အစည်းအ၀ေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးတစ်ဦး (လက်ရှိ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ဥက္ကဋ္ဌ) နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer တို့ တွေ့ဆုံရာတွင် ဆိုးရွားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ဖြေရှင်းရန် နှင့် ဤအကျပ်အတည်းကာလအတွင်း အရပ်သားများကို ကာကွယ်စောင့်ရှောက်ရန် အတွက်  အရေးပေါ်ခြေလှမ်းများ လုပ်ဆောင်ရန် UNSC အား ND-Burma နှင့် အဖွဲ့၀င်အဖွဲ့စည်းများအပါ၀င်   အဖွဲ့အစည်းပေါင်း ၂၈၀ ကျော်တို့မှ တောင်းဆိုခဲ့ကြသည်။ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက်  တွန့်ဆုတ်နေသော နည်းလမ်းကို စွန့်လွတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများဖြင့် အစားထိုးရန် UNSC အား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW မှလည်း တောင်းဆိုထားသည်။ တောင်းဆိုချက်အားလုံးသည် စစ်အာဏာရှင်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇ၀တ်မှုဆိုင်ရာပြစ်မှုများအတွက် အထောက်အထားများစွာဖြင့် ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုမှု များဖြစ်သည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ အိမ်နီးချင်းနိုင်ငံများတွင် ထွက်ပြေးခိုလှုံသူ ၉၈၀,၀၀၀ ရှိသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ အတွင်း မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၇၇၅,၀၀၀ ကျော်ရှိခဲ့ပါသည်။ ရွှေ့ပြောင်းနေထိုင်မှု သိသိသာသာထပ် တိုးလာခြင်းသည်  အကြမ်းဖက်စစ်တပ်၏ ဆိုးရွားလှသော အကြမ်းဖက်မှုကို ရည်ညွှန်းနေသည်။ အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ကျူးလွန်ခဲ့သည့် ချိုးဖောက်မှုများအတွက်  အပြစ်ပေးအရေးယူခံရခြင်းမရှိသောကြောင့် ဥပဒေမဲ့ ရဲရဲတင်းတင်းကျူးလွန်နေကြသည်။ အကြမ်းဖက်စစ်တပ်သည် မြေလှန်စနစ်ဖြင့် အကြမ်းဖက်တိုက်ခိုက်ကာ အာဏာရှင်စနစ်ဖြင့် ပြည်သူအားထိန်းချုပ်ရန်ကြိုးပမ်းသော်လည်း အာဏာရှင်စနစ်ကို ပြည်သူတို့မှ ခုခံငြင်းပယ်နေဆဲဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် စစ်ရှုံးနေပြီး စစ်တပ်ဘက်မှ ဘက်ပြောင်းထွက်ပြေးလာသူအရေအတွက် တိုးလာခြင်းသည် စစ်အာဏာရှင်ကိုယ်တိုင် အစိတ်စိတ်အမြွှာမြွှာဖြစ်နေကြောင်း ၎င်းတို့ကိုယ်တိုင် ဖော်ပြနေသည်။

 

တိုင်းရင်းသားဒေသများရှိပဋိပက္ခများ

ကချင်ပြည်နယ်

လွန်ခဲ့သည့် ခုနစ်နှစ်ခန့် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည့် စေတနာ့၀န်ထမ်း ကချင်ဆရာမနှစ်ဦး၏ မိသားစု၀င်များသည် တရားမျှတမှုရရှိရေး အတွက် စောင့်ဆိုင်းနေဆဲဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ပညာရေးစေတနာ့ဝန်ထမ်း ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင် တို့သည် လူအုပ်စုလိုက် အဓမ္မပြုကျင့်ခံရပြီး ဓါးဖြင့်ထိုးသတ်ခြင်ခံခဲ့ရသည်။​

မြန်မာစစ်တပ်မှ ၎င်းတို့ကျူးလွန်ခဲ့သော ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို ဖျက်ဆီးခဲ့ပြီး သေဆုံးခဲ့သည့် အမျိုးသမီးများအတွက် တာဝန်ခံမှုတစ်စုံတစ်ရာမရှိသေးပါ။ သူမတို့နှစ်ဦးသေဆုံးချိန်မှစ၍ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်တွင် အရပ်သားဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။ ကချင်ပြည်နယ်တစ်၀ှမ်း “စစ်အာဏာရှင်ကို ချေမှုန်းရန်”စည်းလုံးညီညွတ်မှုအားကောင်းစွာ ကြိုးပမ်းလုပ်ဆောင်နေသည်။

 

ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေရသည်။ အကြမ်းဖက် စစ်တပ်သည် ကရင်လက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဥ်သောကြောင့် ပြည်တွင်းနေရပ်စွန့်ခွာစစ်ပြေး ဒုက္ခသည်တို့၏ အခြေအနေမှာ ပို၍ မသေချာမရေရာတော့ပါ။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ဘေးရှောင် ရွာသားများအား ပြန်လည်ပို့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ မှတ်ချက်များနှင့် ဆန့်ကျင်လျက် စစ်ဘေးရှောင်ပြည်သူများအား ကရင်ပြည်နယ်သို့ ပြန်ရန် ထိုင်းအာဏာပိုင်များ၏ ဖိအားပေးခံနေရကြောင်း သတင်းများ ထွက်ပေါ်လာသည်။

လေးကေကော်ဒေသတွင် တစ်လကျော်ကြာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် စိုးရိမ်မှုများတိုးလာနေသည်။  အေးချမ်းသာယာသော မြို့ကလေးသည် ယခုအခါ စစ်မြေပြင်ဖြစ်လာသည်။ ပြန်လာသူများအတွက် လုံခြုံမှု အာမခံချက်များ မရှိပါ။ ဇန်န၀ါရီလ ၃ ရက်နေ့တွင် လက်နက်ကြီး ကျရောက်မှုကြောင့် ဖလူလေးကျေးရွာသို့ ပြန်လာသူ အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်။ IDP များသည် ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ အလွန် လိုအပ်နေသည်။ ကရင်လူမှုအဖွဲ့အစည်းများမှ အဆိုပါလိုအပ်သည့် ပစ္စည်များကို ဖြည့်ဆည်းပေးနေသော်လည်း အကူအညီများ ပိုမိုလိုအပ်လျက်ရှိသည်။

လယ်မူလာမြို့နယ် က၀ါးကျေးရွာတွင် ခမရ ၂၈၅ မှ ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် မိခင်နှင့် ခြောက်နှစ်အရွယ် သားတစ်ဦး သေဆုံးခဲ့ကြောင်း  ကရင်လူ့အခွင့်အရေးအဖွဲ့ KHRGမှ  ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ကယား ( ကရင်နီ) ပြည်နယ်

ကယား (ကရင်နီ) ပြည်နယ်မှ အရပ်သားပြည်သူများသည် အဆက်မပြတ်တိုက်ခိုက်နေမှုများကြောင့် ၎င်းတို့၏ အနာဂတ်ကို ပို၍ မရေရာစေသောကြောင့် လူသားဆန်မှုကင့်မဲ့လျက်ရှိသည်။ ကယား (ကရင်နီ) ပြည်နယ်တွင် ကျူးလွန်ခံနေရသည့် ရာဇ၀တ်မှုများကြောင့် ဒေသခံပြည်သူတို့၏ အသက်မွေး၀မ်းကြောင်းကို ထိခိုက်စေသည်။​ အထူးသဖြင့် အကြမ်းဖက်မှုမှ ထွက်ပြေးရန် ကြိုးပမ်းနေသည့် အရပ်သား ဒါဇင်များစွာကို အကြမ်းဖက်စစ်တပ်မှ ခရစ္စမတ်အကြိုနေ့တွင် အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်မှု၏ အသေးစိတ် သက်သေ အချက်အလက်များ ဆက်လက် ထွက်ပေါ်လာသည်။ သေဆုံးသူများတွင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၅ ဦး ပါဝင်ကြောင်း သိရသည်။ အကြမ်းဖက်စစ်တပ်၏ ညှာတာမှုမရှိသော အကြမ်းဖက်တိုက်ခိုက်မှုတွင် ဖမ်းဆီးခံခဲ့ရသော သေဆုံးသူများထံ ပြန်လည်ဖြေကြားခြင်းမရှိသော အဆုံးမရှိ ဖုန်းခေါ်ဆိုမှုများကိုလုပ်ခဲ့ကြောင်း မိသားစုဝင်များက ပြန်လည်ပြောပြခဲ့ကြသည်

လေယာဉ် မပျံသန်းရဇုန်အဖြစ်သတ်မှတ်ပေးရန် နှင့် အရပ်သားဘေးကင်းရေးဇုန်များ သတ်မှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့အား  တောင်းဆိုသည့်အထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။