တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပေါက်ကွဲမှုတစ်ခုတွင် ကိုယ်ဝန်ဆောင်တစ်ဦးနှင့် ၎င်း၏ ၆ နှစ်အရွယ် သားဖြစ်သူတို့ ၎င်းတို့၏အိမ်အနီး ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးသွားသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ဖျားကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၂၃) ညနေပိုင်းက မိုင်းဗုံးပေါက်ကွဲပြီး ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သူ၏ကလေး ၆ နှစ်သား သေဆုံးသွားသည်။

ညနေ ၅ နာရီခွဲခန့် ရွာတောင်ဘက်အစွန်ရှိ နေအိမ်မှ ၁၈ ပေခန့်အကွာတွင် မိုင်းပေါက်ကွဲ၍ မိခင်မှာ ပွဲချင်းပြီးသေဆုံးပြီး သားဖြစ်သူမှာ နာရီဝက်ခန့်အကြာတွင် သေဆုံးသည်ဟု ပဝတ်ဖျားရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဖြစ်ဖြစ်ချင်း ၅ မိနစ်လောက်ပဲ ရှိသေးတယ် ကျွန်တော်ရောက်သွားတယ်။ ကလေးက မျှော်လင့်ချက်မရှိပေမဲ့ အသက်နည်းနည်းရှူတယ်ဆိုတော့ ပို့လိုက်ရတာ။ ဆေးရုံရောက်ရောက်ချင်းပဲ သေသွားတယ်”ဟု အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသားက ဆက်ပြောသည်။

ထိုရွာအနီးရှိ ဘုန်းကြီးကျောင်းတွင် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ယနေ့အထိ စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည်။

ပေါက်ကွဲမှုအပြီး မှတ်တမ်းတင်ထားသော ရုပ်သံဖိုင်တစ်ခုတွင် ၆ နှစ်အရွယ် စောလေလေး၏ ဘယ်ညာ ဒူးနှစ်ဖက် ထိခိုက်ကာ ဘယ်ဖက်ဒူးတွင် အရိုးများပေါ်သည်အထိ ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်နံကြား ပေါက်ထွက်၊ ဘယ်ဘက်လက်မောင်း၊ မျက်နှာတို့တွင် အပြင်းအထန်ဒဏ်ရာရထားပြီး မိခင်ဖြစ်သူ၏ ဆီးခုံ၊ ဝမ်းဗိုက်၊ ရင်ဘတ်နေရာတို့တွင် သွေးကွက်အချို့ တွေ့ရသည်။

မကြာသေးခင်ကမှ ပဝတ်ဖျားရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြောက်ကျားအဖွဲ့များအကြား တိုက်ပွဲဖြစ်ခဲ့သေးပြီး ထိုရွာရှိ လူနေအိမ် ၅ လုံးမီးရှို့ခံရသည်။

အဆိုပါရွာမှ နေအိမ် ၅ လုံး မီးရှို့ခံရမှု၊ သားအမိနှစ်ဦး သေဆုံးမှုတို့မှာ စစ်ကောင်စီတပ်သားများ၏ လက်ချက်ဟု ဒေသခံများက ယူဆနေကြသည်။

“စစ်တပ်ဘက်က မလာစစ်ဘူး၊ သူတို့သိမှာပဲလေ၊ ဒါက သူလုပ်ထားတဲ့ လက်ချက်ဆိုတာ။ ကျွန်တော့်စိတ်ထင် ရည်ရွယ်ချက်ရှိရှိပဲ လာလုပ်ထားတယ်လို့ သတ်မှတ်ရမယ်။ သူ့အိမ်ရှေ့တည့်တည့်ပဲ။ သူ့အိမ်က ရွာပြင် နည်းနည်းရောက်တယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

အိမ်ခြေ ၂၅၀ ခန့်ရှိ ပဝတ်ဖျားကျေးရွာသည် ကရင်လူမျိုးအများစုနေထိုင်ကြပြီး ပုလောမြို့မှ ၁ မိုင်ခန့်သာ ကွာဝေးပြီး ထိုမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၂၈၅ နှင့် ၆ မိုင်ခန့်ကွာဝေးကာ KNU တပ်မဟာ(၄) မြိတ်/ထားဝယ် ခရိုင်အတွင်း တည်ရှိသောရွာဖြစ်သည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများက ညအချိန်တွင် လှုပ်ရှားမှုများရှိသည်ဟု အထက်ပါ ပဝတ်ဖျားရွာခံအမျိုးသားက ဆက်ပြောသည်။

“၁၂ နာရီ တစ်ချက် ၂ နာရီလောက် အဲဒီအချိန်ဆို ညတိုင်းလာတယ်။ ရွာလမ်းမအတိုင်းတော့ သူတို့က မသွားဘူး။ ရွာပြင်ကနေပြီးတော့ ချောင်းတာ။ ဘာချောင်းတာလဲ သူ့ရန်သူ ရှိလား၊ မရှိလား ဘာရည်ရွယ်ချက်နဲ့ လာတယ်တော့ ကျွန်တော်တို့လည်း သေချာမသိဘူး”ဟု ၎င်းက ဆိုသည်။

ပဝတ်ကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးကလည်း စစ်တပ်ကသာ အရပ်သားများကို ပစ်မှတ်ထားတတ်သည်ဟု ပြောသည်။

“ဒီဘက်က PDF တွေက ရွာသားတွေနဲ့ ရွာရဲ့ ပတ်ဝန်းကျင်တွေမှာ မထောင်ဘူး။ စစ်ကောင်စီတွေ လာတဲ့ လမ်းကြောင်းလောက်ပဲ ထောင်တာ” ဟု အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောသည်။

ထိုဖြစ်ရပ်၊ ထိုပြောဆိုချက်တို့နှင့် ပတ်သက်ပြီး ပုလောမြို့မရဲစခန်းကို ဖုန်းဆက်မေးမြန်းရာ တာဝန်ကျအရာရှိက မှတ်ချက်ပေးရန် ငြင်းဆိုသည်။ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ပေါက်ကွဲသည့်မိုင်းအမျိုးအစားမှာ စစ်ကောင်စီတပ်များက ထောင်ထားသည့် ခြေနင်းမိုင်းဖြစ်ကြောင်း ပုလောမြို့နယ် PDF အဖွဲ့က ယမန်နေ့ညက သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၈ ညပိုင်းတွင် ပဝတ်ဖျားကျေးရွာအနီး စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အရာရှိ ၂ ဦးနှင့် တပ်သား ၅ ဦးသေဆုံးခဲ့သည်ဟု ပုလောမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သော မည်သူ့ကိုမဆို နည်းမျိုးစုံဖြင့် ဖမ်းဆီးထောင်ချ နှိပ်စက်သတ်ဖြတ်နေရာ တနင်္သာရီတိုင်းတွင် တစ်နှစ်နီးပါးအတွင်း ဖမ်းဆီးခံထားရသူ ၉၅၀ နီးပါးနှင့် ပစ်သတ်ခံရသူ ၆၉ ဦး ရှိနေကြောင်း မွန်အခြေစိုက် သံလွင်တိုင်းသတင်းဌာန၏ ဇန်နဝါရီ ၂၂ ထုတ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် တနင်္သာရီတိုင်းရှိ မြို့နယ် ၆ မြို့နယ်မှ ဒေသခံ ၄,၀၀၀ ခန့် ထွက်ပြေးနေရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

Myanmar Now News