မကွေးတိုင်း၊ ပေါက်မြို့နယ် ကျေးလက်ဒေသကို စစ်တပ် ၄ ရက်ဆက် ဝင်ရောက်မွှေနှောက်ခဲ့ရာ ဒေသခံ ၃၀,၀၀၀ ခန့် ဘေးလွတ်ရာ ရှောင်နေရပြီး တော်လှန်ရေးသမားတို့လည်း တပ်ဖျောက်ထားရသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ၄ ရက်ဆက် ဝင်ရောက် မွှေနှောက်ပြီး ယနေ့ ဇန်နဝါရီ ၂၄ တွင် ပြန်လည်ဆုတ်ခွာသွားသော်လည်း မြိုင်ဘက်မှ စစ်ကြောင်းများ ဝင်ရောက်လာဖွယ်ရှိသောကြောင့် ထပ်မံရှောင်တိမ်းရန် ပြင်ဆင်နေကြရသည်ဟု ဒေသခံတို့က ပြောသည်။

“သတင်းတွေကတော့ ကြားနေတယ်။ အခုပဲ ရှောင်ဖို့ ပြင်ဆင်ထုပ်ပိုးနေကြပြီ” ဟု ဇီးတောရွာမှ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ မှ ၂၃ အထိ ပေါက်မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ကျေးရွာများကို စစ်သား ၁၀၀ ခန့်နှင့် ပျူစောထီး ၃၀ ခန့်ပါသည့် စစ်ကြောင်းက ဝင်ရောက်သွားပြီးနောက် ယနေ့ ပြန်လည်ဆုတ်ခွာသွားရင်း လမ်းတစ်လျှောက်ရှိ ကျေးရွာများကိုပါ ဖျက်ဆီးသွားကြသည် ဆိုသည်။

လက်ရှိတွင် ကျေးရွာပေါင်း ၁၀ ရွာမှ ဒေသခံ ၃၀၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီစစ်ကြောင်းများ မြိုင်ဘက်မှ ရောက်လာမည်ဆို၍ ထပ်မံတိမ်းရှောင်ရန် ပြင်ဆင်နေကြရခြင်း ဖြစ်သည်။

အဆိုပါ ၄ ရက်ဆက် ကျေးရွာများအား ဝင်ရောက်စီးနင်းမှုတွင် တော်လှန်ရေးအင်အားစုများကို ထောက်ပံ့သူများ၊ အဖွဲ့ဝင်များ၏ မိသားစုများနေထိုင်ရာ နေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်တပ်နှင့် ပျူစောထီးက ယင်းသို့ ပြုမူသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ပေါက်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ချက် မရသေးသလို စစ်ကောင်စီကလည်း ထိုစစ်ကြောင်း၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပေါက်မြို့နယ်တောင်ပိုင်းမှ ဘို့မယ်၊ တောင်ဘက်၊ လယ်ယာ၊ သစ်ညီနောင်၊ ပေါက်မြို့နယ်မြောက်ပိုင်းမှ လယ်အို၊ သရက်ကိုင်း စသည့်ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တောင်ဘက်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဘို့မယ်ကတော့ တစ်ရွာလုံးနီးပါးပဲ၊ ဖျက်ဆီးသွားတာ။ အဝတ်အစား၊ စားစရာသောက်စရာ၊ ကောင်းတဲ့ဟာ အကုန်လုံး ထုပ်ပြီး ယောချောင်းအတိုင်း ရေမျှောပြီး ယူသွားတာ” ဟု ဇန်နဝါရီ ၂၁ က ဝင်ရောက်ခဲ့သည့် အခြေအနေကို လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသော အမျိုးသမီးက ပြောပြသည်။

“သူတို့က ပင်ထောင်မှာ တပ်စွဲထားတာ၊ ဘို့မယ်ကျတော့ ပင်ထောင်ရဲ့အထက်မှာဆိုတော့ (ပစ္စည်းတွေ) ချောင်းအတိုင်း မျှောသွားတယ်၊ ပင်ထောင်ရောက်ရင် ဆယ်လိုက်ရုံပဲ၊ ပျူစောထီးတွေနဲ့ စစ်သားတွေနဲ့ ဝင်လာပြီးတော့ လိုချင်တာယူသွားတာပေါ့။ (ဒေသခံတွေ) အဖမ်းခံရတာမျိုးတော့ မရှိဘူး”

0003_a_house_in_bo_mae_village_magway_destroyed_by_army_23_jan_2022_photo_supplied.jpg

ဘို့မယ်ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးပြီးနောက် ဇန်နဝါရီ ၂၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)ဘို့မယ်ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးပြီးနောက် ဇန်နဝါရီ ၂၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

တောင်ဘက်ကျေးရွာတွင်မူ အဖမ်းအဆီးရှိသည်ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

“တစ်ရွာလုံးနီးပါးပဲ၊ အသုဘရှိလို့ လုပ်နေတဲ့နေရာက ဘိုးကြီးအိုမယ်ကြီးအိုတွေ၊ အသုဘအိမ်ကဟာတွေ အကုန်လုံး မိသွားတာပေါ့၊ ဖမ်းသွားတာ။ ဖမ်းပြီးတော့ သူတို့နေတဲ့ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ထားတာ၊ ညနေမိုးချုပ်ကျတော့ မိန်းမတွေကို ပြန်လွှတ်လိုက်တယ်၊ ယောက်ျားတွေကိုကျတော့ ဆက်ပြီး ဖမ်းထားတုန်းပဲ”ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟု ၎င်းတို့ယူဆသည့် မိသားစု ၃ စု၏ အိမ်များကို ချိပ်ပိတ်ခဲ့သည်။

ဇန်နဝါရီ ၂၀ တွင် စစ်သားများသည် လယ်ယာကျေးရွာကို ဝင်ရောက်စဉ် အမျိုးသားတစ်ဦးနှင့် နွားတစ်ရှဉ်းတို့ ပစ်ခတ်ခံရကြောင်း၊ ထိုအမျိုးသားမှာ ပျောက်ဆုံးနေခဲ့ပြီး၊ နွားများမှာ သေဆုံးနေသည်ကို တွေ့ခဲ့ကြရကြောင်း ဒေသခံများက ဆိုသည်။

လယ်ယာကျေးရွာမှ နေအိမ်အများစုကိုလည်း ဝင်‌ရောက်ပြီး အိမ်သုံးပစ္စည်းများကို ဖျက်ဆီးခြင်း၊ အိမ်များကို ဖျက်ဆီးခြင်းအပြင် အိမ်နှစ်လုံးကို မီးရှို့သွားခဲ့ပြီး၊ တစ်ရွာလုံးရှိ ဆိုင်ကယ်များကို စုပုံမီးရှို့ခဲ့ကြောင်း သိရသည်။

သစ်ညီနောင်ကျေးရွာသို့ ဇန်နဝါရီ ၂၂ က ဝင်ရောက်စဉ်တွင်လည်း အလားတူဖျက်ဆီးမှုများရှိခဲ့ကြောင်း ထိုကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“နွားတစ်ကောင်သတ်ပြီး စားသွားတယ်။ ဘုန်းကြီးကျောင်းထဲမှာ ရပ်ထားတဲ့ ၁၂ ဘီးကားတစ်စီးကို အကုန်ဖျက်ဆီးသွားတယ်။ အဲဒီရွာက (PDF) ခေါင်းဆောင်ပိုင်းကလူတွေရဲ့ ရွာဆိုတော့ သူတို့အိမ်တွေကို ဝင်တယ်။ အဝတ်အစားကအစ ဓားတွေနဲ့ ထိုး၊ အိမ်တိုင်တွေ ဖျက်၊ အကုန်ပဲ။ ဖျက်ဆီးသွားတာ” ဟု စစ်ကောင်စီတပ်ရန်ကြောင့် အမည်မဖော်လိုသူ ထိုအမျိုးသားက ဆိုသည်။

ပေါက်မြို့နယ်တောင်ပိုင်းအပြင် မြောက်ပိုင်းမှ ကျေးရွာများတွင်လည်း အခြားစစ်ကြောင်းတစ်ခု ဝင်ရောက်သွားသည်ဟု မကွေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တောင်ပိုင်းတင်မဟုတ်ဘူး။ မြောက်ပိုင်းမှာလည်း စစ်ကြောင်းဝင်နေတယ်။ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ လယ်အိုနဲ့ သရက်ကန်ရွာက ရေနံဇုန်ကို မီးရှို့တာ၊ ညနေ သုံးနာရီလောက်မှာ” ဟု ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။

“ရေနံတွေ ခပ်ထားတဲ့ကန်တွေ၊ အခွန်မပေးလို့ပေါ့၊ သူတို့တောင်းတဲ့ပိုက်ဆံ မပေးလို့၊ မီးရှို့ပစ်တာ”

ပေါက်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့များ လတ်တလော တိုက်ပွဲမဖော်ဆောင်နိုင်သေးဟု ဆိုသည်။

“ရှောင်နေကြရတာပေါ့။ တော်တော်ဂရုစိုက်နေရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ကျွဲဝယ်တယ် ခေါ်တာပေါ့၊ ဒလန်အကြီးစား ရှင်းတာလောက်ပဲ ရှိတယ်။ လုပ်မရဘူး”ဟု ထိုတပ်ဖွဲ့ဝင်က ဆိုသည်။

“စစ်ကြောင်းလိုက်ကြီး ချီတာဆိုတော့။ ကျွန်တော်တို့ရထားတဲ့ သတင်းအရဆို စစ်ကြောင်းထိုးဖို့ ပြင်နေတာ”

ယမန်နေ့ကလည်း မြိုင်နှင့် ပေါက်မြို့နယ်အကြားရှိ ကြက်စုအိုင်နှင့် သရက်ကန် ရေနံမှော်များကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စီးနင်းပြီး ငွေညှစ်ခဲ့ပြီး ငွေမပေးသော ရေနံမှော်ရှိ ရေနံတွင်းများနှင့် အနည်းဆုံး သိုလှောင်ခြံ ၃ ခြံ မီးရှို့ခံခဲ့ရသည်။

Myanmar Now News