ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို အာဏာသိမ်းစစ်ကောင်စီဘက်က ကျူးလွန်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မျက်မြင်သက်သေ အထောက်အထားတွေနဲ့အတူ ပြောဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။

အဲ့ဒီနေ့က ဖြစ်ရပ်မှာ သေဆုံးတဲ့ ဒေသခံတွေဟာ တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးခဲ့တာလို့ စစ်ကောင်စီက ပြောဆိုထားပေမယ့်၊ NUG အစိုးရက ထုတ်ပြန်လာတဲ့ မျက်မြင်သက်သေတွေကတော့ သေဆုံးသူတွေဟာ သာမန်အရပ်သား ဒေသခံတွေဖြစ်ပြီး၊ စစ်တပ်က အစုအပြုံလိုက် ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ပြောကြပါတယ်။

မီးလောင်ကျွမ်းတဲ့ အလောင်းတွေကို စစ်ဆေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ခွဲစိတ်ဆရာဝန်တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“အလောင်းတွေမှာ လက်နောက်ပြန်ကြိုး တုပ်ခံထားရပါတယ်။ ရုပ်အလောင်းတွေရဲ့ ဦးခေါင်းခွံတွေဟာ ပြည့်ပြည့်စုံစုံ ပါမလာတော့ပါဘူး။ ကျားအင်္ဂါ၊ မအင်္ဂါ ရင်ဘတ်အပေါ်ပိုင်း လုံးဝ မပါတာ တွေ့ရပါတယ်။ ရုပ်အလောင်းဟာ ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး ချည်ခံထားရပါတယ်။ ရက်ရက်စက်စက် မီးရှို့ခံထားရတာပါ။ ခန္ဓာကိုယ်အတွင်းထဲက အူတွေ၊ အသဲတွေ၊ ကျောက်ကပ်တွေ၊ ဒီလိုအရာတွေတောင် မှန်းဆလို့မရအောင် မီးလောင်ခံထားရပါတယ်။ တော်တော်ကို ဆိုးဆိုးရွားရွားပါပဲ”

ဒီစစ်ဆေးတွေ့ရှိချက်တွေကို ကြည့်ရင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့သတ်ဖြတ်ခဲ့တာကို မြင်တွေ့နိုင်တယ် လို့ ဆိုပါတယ်။

အဲ့ဒီနေ့က အလောင်းတွေကို သွားရောက်ကောက်ယူခဲ့တဲ့ထဲမှာ CDM ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) လည်း ပါပါတယ်။ သက်သေအထောက်အထားတွေအရ လွိုင်ကော်- ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ ဖရူဆိုအခြေစိုက် ခမရ (၅၃၁) နဲ့ တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ KSP ပြောခွင့်ရသူ ကိုဘိုဘိုက ပြောပါတယ်။

“ဒီကိစ္စမှာ အဓိကကျူးလွန်သူကတော့ မြန်မာတပ်မတော် ကွပ်ကဲမှု စစ်ဌာနချုပ် လွိုင်ကော်လက်အောက်ခံ ခမရ ၅၃၁ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့တွေလို့ ကနဦး သိရှိထားပါတယ်။ သွေးကွက်ထဲမှာ တွေ့တဲ့ ကျည်ဆံပေါ်မှာဆိုရင် မြန်မာလို ၅.၅၆ လို့ရေးထားတဲ့ စာပါပါတယ်။ ဒါကြောင့် ကပစထုတ် မြန်မာစစ်တပ်သုံး ကျည်တွေဆိုတာ အတည်ပြုလို့ရပါတယ်။ ပြီးရင် အဲ့ဒီနေရာမှာတွေ့တဲ့ ကျနော်တို့အလောင်းလာ သယ်တာကို အရိပ်ယောင်မြင်လို့ ပစ်ထားတဲ့ မြန်မာစစ်တပ်သုံး မော်တာကျည်ခွံကိုလည်း မြင်ရပါတယ်”

ဒီအလောင်းတွေကို မမြှုပ်နှံသေးဘဲ DNA စစ်ဆေးနိုင်ဖို့ အတွက် လုံခြုံတဲ့နေရာမှာ သိမ်းထားတယ်လို့လည်း NUG ပြောခွင့်ရှိသူတွေက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ဒေသခံ ၄၅ ဦးနဲ့ နယ်ခြားစောင့်တပ် KNPLF/ BGF တပ်သား ၄ ဦး၊ စုစုပေါင်း ၄၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ကပြောပါတယ်။

KNPLF/ BGF တပ်သားလေးဦးက လွဲလို့ ကျန်တဲ့သူတွေ အားလုံးဟာ မီးရှို့ သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။ မမှတ်မိလောက်အောင် ရုပ်ပျက်ဆင်းပျက် မီးလောင်နေတဲ့ ဒေသခံ အရပ်သား ၃၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရရှိထားပြီး ကျန်တဲ့သူတွေကတော့ ပြာပုံတွေပဲ ပြန်ရတယ်လို့ ဆိုပါတယ်။

nug-press.jpg
ဇန်နဝါရီလ ၃ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နှင့် ပြုလုပ်သော NUG အစိုးရ သတင်းစာရှင်းလင်းပွဲ။

ဒီပြာတွေကို ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)” အပါအဝင် နိုင်ငံတကာ အကူအညီနဲ့ DNA စစ်ဆေးမယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

“ဖရူဆိုမှာဖြစ်တဲ့ အဖြစ်အပျက်အကုန်လုံးကို တစ်ခုမကျန် IIMM အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ အလောင်းတွေမှာ တွေ့ထားတဲ့ အချက်အလက်တွေကို သီးခြားလွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့IIMM နဲ့ စစ်သွားပါမယ်။ NUG ကလည်း ပူးပေါင်းပြီး တရားမျှတမှုရတဲ့အထိ ဆောင်ရွက်သွားမယ်”

မီးရှို့ခံထားရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်း ၃၁ လောင်းထဲမှာ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေး ၃ ဦးပါဝင်တယ်လို့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) က ပြောပါတယ်။

ကယားပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children ကလည်း… မီးရှို့ ခံရတဲ့အထဲမှာ အနီးအနား ကျေးရွာတစ်ခုမှာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်ပြီး ပြန်လာတဲ့ သူတို့ ဝန်ထမ်းနှစ်ယောက်လည်း ပါဝင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ရေး အမြန်ဆုံးစီစဉ်ဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်တာတွေ ပိတ်ဆို့ဖို့လည်း Save the Children အမှုဆောင်ချုပ် Inger Ashing က ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ အခုအဖြစ်အပျက်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းက ဒေသတချို့နဲ့၊ ကရင်ပြည်နယ်က Save the Children အဖွဲ့ရဲ့ စီမံကိန်းတွေကို ယာယီ ရပ်ဆိုင်းထားပါတယ်။

ထော်လာဂျီမောင်းသွားရင်း အဲ့ဒီနေ့က မီးရှို့သတ်ဖြတ်ခံခဲ့ရသူ ကိုဦးရယ်ရဲ့ ကျန်ရစ်သူ ဇနီးကလည်း တရားမျှတရေး ဝိုင်းဝန်းရှာဖွေပေးကြဖို့ တောင်းဆိုပါတယ်။

“တကယ်ဆို စစ်ကောင်စီက ဘာမှမလုပ်သင့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဝါးသွားခုတ်တာ၊ သူတို့ကို သွားပစ်မယ်ပြောတာ မဟုတ်ပါဘူး၊ တောင်ယာ ရိုးရိုးသားသားလုပ်ကိုင်တဲ့သူတွေပါ။ ထော်လာဂျီပေါ်မှာ အစုလိုက်မီးရှို့ထားတယ်ပြောတယ်၊ ကျမတို့လည်း သူများပြောမှ သိရတာ၊ ကျမတို့ကို သနားပါ၊ ကူညီပါ၊ အခုကျမတို့ ယောက်ျားတွေ မရှိဘူး၊ ကျမတို့ ဘယ်သူ့ကို အားကိုးရမလဲ”

“အလောင်းတွေမှာ လက်နောက်ပြန်ကြိုး တုပ်ခံထားရပါတယ်။ ရုပ်အလောင်းတွေရဲ့ ဦးခေါင်းခွံတွေဟာ ပြည့်ပြည့်စုံစုံ ပါမလာတော့ပါဘူး။”

အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေက အမြန်ဆုံး အရေးယူပေးဖို့ ရခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်နက်ကိုင် ညီနောင်မဟာမိတ် သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

NUG သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လောလောဆယ် မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ ဒေသခံ ရွာသားတွေဟာ မီးရှို့သတ်ဖြတ်ခံရတာ မဟုတ်ဘဲ အပြန်အလှန် ပစ်ခတ်ကြရင်း သေဆုံးရတာလို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီအစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုသက်သေတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် နိုင်ငံတကာကို တင်ပြသွားမယ် လို့ ပြောပါတယ်။

“အခုမျက်မြင်သက်သေတွေနဲ့ IIMM အပါအဝင် နိုင်ငံတကာသံရုံးတွေနဲ့ တိုက်ရိုက်တွေ့နိုင်အောင် စီစဉ်သွားပါမယ်။ ဒီအချက်တွေက တချိန်ချိန်မှာ အာဂျင်တီးနားပဲဖြစ်ဖြစ် သြစတေးလျတရားရုံးပဲဖြစ်ဖြစ်၊ ICC မှာပဲဖြစ်ဖြစ် တရားရုံးမှာ အမှန်တရားရှာဖွေချိန်မှာ တိကျခိုင်လုံပြီး အမှန်တရား ဖော်နိုင်အောင် သက်သေတွေဖြစ်ဖို့ IIMM နဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရော မကြာခင်ကျင်းပမယ့် လုံခြုံရေးကောင်စီကိုလည်း ထပ်မံအရေးဆိုပါမယ်။ ဒါတွေကိုထောက်ခံဖို့ နိုင်ငံတကာ သံရုံးများ၊ သံအမတ်များနဲ့ တစ်ခုချင်း တစ်ခုချင်း တွေ့ဆုံသွားမယ်”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေကလည်း ကယားပြည်နယ်က အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှတ်ချထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးအကြီးအကဲ Martin Griffiths ကလည်း ဒီသတ်ဖြတ်မှုမှာ အပြစ်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ စစ်ကောင်စီကို ကြေညာချက်ထုတ်ပြန် တောင်းဆိုထား ပါတယ်။

RFA Burmese News