စစ်ကောင်စီက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ဦးကျော်မင်းယုသည် မင်္ဂလာဒုံ စစ်ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရဆဲဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်းသိရသည်။

အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီခန့်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တလုံးတွင် ကိုဂျင်မီကို စစ်ကောင်စီ က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဖမ်ဆီးမှုတွင် ကိုဂျင်မီ၏ ဦးခေါင်းထိခိုက်သွားကာ အသက် အန္တရာယ် စိုးရိမ်ရသည့်အခြေအနေမျိုးဖြစ်ကြောင်း၊ ထိခိုက်ခဲ့ရသည့် အသေးစိတ်ဖြစ်စဉ်ကိုမူ မသိရှိရသေးကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီတွင် တာဝန်ရှိပြီး တာဝန်ယူရမည်ဖြစ်ကြောင်း ကိုဂျင်မီ၏ ဇနီး မနီလာသိန်းက ဆိုသည်။

“နောက်ဆုံးအခြေအနေကတော့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ရှိတယ်ကြားတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ ရှိတယ်၊ ဖမ်း တုန်းက အိမ်တံခါးတွေကို ဖျက်ပြီး အလုံးအရင်းနဲ့ ဝင်တာ၊ သား ၂ ယောက်ကတော့ လွတ်သွားတယ်။ ကိုဂျင်မီ ဖမ်းခံရတဲ့ ၂၃ ရက် ည ၉ နာရီ နောက်ပိုင်း အခြေအနေက စပြီးတော့ ဖြစ်လာတဲ့ အကြောင်းတရားတွေ အားလုံး စစ်ကောင်စီမှာ တာဝန်အများကြီးရှိတယ်။ အခုဆိုရင် သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားလို့ ကြားရတယ်။ ဖြစ်ပေါ်လာတဲ့ တခုချင်း တခုချင်းစီတိုင်းက စစ်ကောင်စီမှာ တာဝန်ရှိတယ်။ သူတို့ တာဝန်ယူရမယ်” ဟု ၎င်းက ပြောသည်။

ကိုဂျင်မီ တဦးတည်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး၊ စစ်ကောင်စီအနေဖြင့် ကိုဂျင်မီ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကြေညာပြောဆိုလာခြင်း မရှိသေးပေ။

ကိုဂျင်မီသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းလည်းဖြစ်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တည်ထောင်သူတဦးဖြစ်ကာ ဒီမိုကရေစီအရေး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အတွက် နှစ်ရှည်ထောင် ဒဏ်ကျခဲ့သူ တဦးလည်း ဖြစ်သည်။

ထို့ပြင် စစ်တပ်အာဏာသိမ်းသည့် အချိန်ကစပြီး အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည့်အတွက် စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) တပ်ကာ ဖမ်းဝရမ်းထုတ်ခံရထားရသူလည်း ဖြစ်သည်။

Irrawaddy News