စစ်သည် ၂၀၀ ဝန်းကျင်ပါသည့် စစ်ကြောင်းက ဟားခါး -ဖလမ်း လမ်းတစ်လျှောက်ကျေးရွာများကို အသွားရောအပြန်ပါ ဖျက်ဆီးလုယက်ကြသည်ဟု ဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ပြန်ဦးတည်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် ယနေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းတွင် တားလ်နှင့် တလန်ရောန်ကျေးရွာရှိ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွားသည်။

ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာကို ယမန်နေ့ ညနေက ရောက်ရှိလာပြီး စခန်းချခဲ့ကာ သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်ကား အစီး ၅၀ ဝန်းကျင်ပါ ထိုယာဉ်တန်းမှ စစ်သားများသည် ပြန်လည်ထွက်ခွာသည့် ယနေ့ နံနက် ၇ နာရီခန့်တွင် နေအိမ်များကို မီးရှို့ကြသည်ဟု ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“တားလ်ကျေးရွာကို မီးရှို့ကြတယ်။ ၁၀ အိမ်မီးရှို့တယ်။ ၂ အိမ်ကတော့ သူတို့ထွက်သွားတဲ့အချိန်မှာ ရွာသားတွေ ပြန်ငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် ၈ အိမ်တော့ ပြာကျသွားတယ်။ တလန်ရော်န်ကျေးရွာကို ရောက်တော့ အိမ် ၃ အိမ်ကို မီးရှို့ထားတယ်” ဟု ထိုသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်းသို့ စစ်အင်အားဖြည့်တင်းရန် ရောက်ရှိနေသည့် ထိုစစ်ကြောင်းသည် အောက်တိုဘာ ၁၂ တွင် ဖလမ်းမြို့သို့ ရောက်ရှိခဲ့ပြီး နောက်တစ်ရက်တွင် ဖလမ်းမှ ထွက်ခွာကာ မိုင် ၄၀ ကျော်ဝေးသည့် မြို့တော် ဟားခါးမြို့သို့ အောက်တိုဘာ ၂၀ ၌ ရောက်ရှိ စခန်းချခဲ့သည်။

ယင်းစစ်ကြောင်းသည် အောက်တိုဘာ ၁၃ မှ ၂၀ အတွင်း ဖလမ်းမှ ဟားခါးသို့ သွားရောက်ခဲ့သည်။

ထိုသို့ ရွာများကို မီးရှို့ခဲ့သည့် စစ်ကြောင်း ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-ဟားခါးလမ်းတစ်နေရာ၌ စခန်းချနေစဉ် အောက်တိုဘာ ၁၄ တွင် ချင်းလက်နက်ကိုင် ၂ ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ခရီးစဉ်အတွင်း ရီးလ်ရယ်တီးကျေးရွာမှ အိမ်ခြေ ၁၀ လုံးကျော်၊ တလန်ရောန်ကျေးရွာမှ နေအိမ် ၁၂လုံး၊ တားလ်ကျေးရွာမှ အိမ် ၃ လုံးအပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀ ဝန်းကျင်နှင့် ခရစ်ယာန်ဘုရားကျောင်း ၂ ခု ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ဟားခါး၌ ၂ ရက်ခန့်နေပြီး စစ်ကြောင်းသည် အောက်တိုဘာ ၂၃ တွင် ဟားခါးမှ ဖလမ်းမြို့သို့ ပြန်လာခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင်လည်း စစ်တပ်ရန် ကြောက်ရွံ့၍ တိမ်းရှောင်နေရသဖြင့် လူသူမရှိသော ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြကာ အိမ်မွေးတိရစ္ဆာန်များကိုလည်း ပစ်သတ်သွားသည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တားလ်ကျေးရွာမှ နေအိမ်တစ်လုံးကို ဖျက်ဆီးမီးရှို့ထားသည်ကို အောက်တိုဘာ ၂၅ နေ့လယ်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) တားလ်ကျေးရွာမှ နေအိမ်တစ်လုံးကို ဖျက်ဆီးမီးရှို့ထားသည်ကို အောက်တိုဘာ ၂၅ နေ့လယ်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ရွာလုံးကျွတ် ထပ်ပြီးရှောင်တိမ်းနေရသည့် တားလ်ကျေးရွာအတွင်း နေအိမ်များကို ဝင်ရောက်ရှာဖွေကာ အိမ်သုံးပရိဘောဂပစ္စည်းများ၊ စားနပ်ရိက္ခာများကို စစ်သားများက ကားဖြင့်တင်ကာ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့ (စစ်တပ်) က အိမ်မီးရှို့တာတောင် မကဘူး။ ရှိတဲ့ပစ္စည်းတွေကို အကုန်ယူသွားတာ။ ထိုင်ခုံတွေရော၊ ဗီရိုတွေရော ရှိသမျှကို ကားနဲ့တင်တာ။ စောင်တွေရော၊ ခေါင်းအုံးတွေရော အကုန်တွေ့သမျှအကုန် အိမ်ထဲမှာ ထားတာတွေကိုပါ ရှာပြီး။ ဖွက်တာတွေလည်း အကုန်ယူသွားပြီ။ ဆန်၊ ဆီရော ရှိသမျှ အကုန်ယူသွားတာ။ အံ့သြတယ်” ဟု တားလ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

ထိုသို့ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အသုံးအဆောင်နှင့် ရိက္ခာများကို စစ်တပ်က ယူဆောင်သွားသည့်အတွက် တိမ်းရှောင်နေရသည့် ဒေသခံများမှာ တားလ်ကျေးရွာအတွင်း ပြန်လည်နေထိုင်ရန် အခက်အခဲဖြစ်နေရသည့်အတွက် အကူအညီများလိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“ရွာကအိမ်တွေကို မီးရှို့လိုက်တော့ ဘယ်မှာတည်းမလဲ၊ ဘယ်မှာနေမလဲဆိုတာ ခက်ခဲနေတာ ရှိပါတယ်။ ဆန်တွေရော ရှိသမျှအကုန်ပျက်စီးတော့ ရွာထဲဝင်ရင် ဘာမှ စားဖို့လည်းမရှိတော့ဘူး။ စောင်တောင်ခြုံဖို့လည်း မရှိဘူး။ ထိုင်ဖို့တောင် မရှိဘူး။ အကုန်လုံးပျက်စီးနေတယ်ဆိုတော့ ကူညီဖို့ပဲ လိုပါတယ်” ဟု သူက ပြောသည်။

စစ်ယာဉ်တန်းဖြတ်သန်းသည့် ရွာတချို့တွင် ဖျက်ဆီးလုယက်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ယနေ့ ဖုန်းဆက်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်ကလည်း ဟားခါး-ဖလမ်း ကားလမ်းမဘေးရှိ ဖလမ်းမြို့မှ ၁၂ မိုင်အကွာ၊ အိမ်ခြေ ၃၆ ‌လုံးနှင့် လူဦးရေ ၁၆၀ ဝန်းကျင်ခန့် ရှိသော တားလ်ကျေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့ရာ နေအိမ်အားလုံး လူနေထိုင်မရအောင် ပျက်စီးသွားသည်ဟု သိရသည်။

ရွာလုံးကျွတ်ထွက်ပြေးရပြီး စစ်တပ်၏ နှစ်ကြိမ်ဝင်ရောက်မှုတွင် ကျပ်သိန်း ၃၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု ​​ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က ယင်းအချိန်က ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၈ တွင်လည်း ချင်းခရစ်ယာန်အဖွဲ့ချုပ်က ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှု၊ ဘာသာရေးအဆောက်အအုံဖျက်ဆီးမှုတို့နှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်ပါ အချက်များမှာ စွပ်စွဲချက်များသာဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးနေကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၁ တွင် ရှားရှားပါးပါး ပြန်လည်တုံ့ပြန်ခဲ့သည်။

စစ်ကောင်စီက ချင်းဒေသစစ်ဆင်ရေးနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

ယခုအကြိမ်ဖြင့် ဆိုပါက တားလ်ကျေးရွာသည် စစ်တပ်၏ မွှေနှောက်ဖျက်ဆီးမှုကို ၄ ကြိမ် ခံခဲ့ရပြီးဖြစ်သည်။

ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ထံမှ ရရှိသည့်စာရင်းအရ စစ်ကြောင်းဖြတ်သန်းရာ ဖလမ်း – ဟားခါးလမ်းရှိ ကျေးရွာ ၇ ရွာထက်မနည်းမှ ဒေသခံ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) က အောက်တိုဘာ ၁၅ တွင် ထုတ်ပြန်ခဲ့သည့် “Reign of Terror” အစီရင်ခံစာအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် သြဂုတ်နှင့် စက်တင်ဘာအတွင်း အဆောက်အအုံ ၂၀၀ ဝန်းကျင် ဖျက်ဆီးခံရပြီး ထက်ဝက်ကျော်မှာ ချင်းပြည်နယ်မှဖြစ်ကာ ခရစ်ယာန်ဘုရားကျောင်း ၇ ခု၊ ဘုန်းကြီးကျောင်းတစ်ခုနှင့် လူနေအဆောက်အအုံ ၉၀ ကျော် ပါဝင်သည်။

ထိုစစ်ကြောင်းတွင် သံချပ်ကာယာဉ် ၂ စီး၊ စစ်ကား ၅၉ စီးနှင့် စစ်သည်အင်အား ၂၀၀ ကျော်ပါဝင်ပြီး အသွားတွင် တစ်ပတ်နီးပါးကြာသော်လည်း အပြန်တွင် ၂ ရက်အတွင်း ဖလမ်းမြို့သို့ ယနေ့ (အောက်တိုဘာ ၂၅) ညနေ၌ ပြန်ရောက်ရှိနေကြောင်း CNDF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“သူတို့ ထန်တလန်ဘက်ကို သွားလို့မရတော့ ပြန်လှည့်လာတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဟားခါးဘက်မှာလည်း လူဖြည့်ပြီးသွားပြီဆိုတော့ ဖလမ်းဘက်ကနေ ဘယ်ကို တပ်ဖြန့်မလဲဆိုတာတော့ မသိရသေးဘူး။ ဖလမ်းဘက်ကနေ ရိဒ်လမ်းကြောင်းပိုင်းကို တပ်ပြန်ဖြန့်တာလည်း ဖြစ်နိုင်တယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ကို အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းရန် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို စစ်ကြောင်းနှစ်ခုဖြင့် ယခုလဆန်းပိုင်းမှစတင်ကာ စစ်တပ်က လက်နက်၊ လူအင်အားဖြည့်တင်းနေသည်။

အာဏာသိမ်းပြီးနောက် ဒေသအသီးသီးတွင် ခိုးဆိုးလုယက် သတ်ဖြတ်မှုကျူးလွန်နေသော စစ်ကောင်စီတပ်ကို ထောက်ခံသည်ဟူသော လူအနည်းငယ်ပါသည့် ထောက်ခံပွဲများကို ဒေသတချို့တွင် ယနေ့ပြုလုပ်ရာ စစ်ကောင်စီတပ်က အကာအကွယ်ပေးခဲ့ကြောင်း သိရသည်။

Myanmar Now News