ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း ချင်းတိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်တပ်က လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခဲ့ပြီး လူနေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံပေါင်း ၂၀၀ နီးပါး ဖျက်ဆီးခံခဲ့ရသလို လူ ၈၀၀၀ လောက်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အောက်တိုဘာ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မင်းတပ်၊ မတူပီ စတဲ့ မြို့နယ်တွေအပြင် မကွေးနဲ့ စစ်ကိုင်းတိုင်း အစပ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသား လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို ချင်းလူ့အခွင့်အရေးအဖွဲ့က စာရင်းပြုစုထားတာ ဖြစ်ပါတယ်။
ဒီဒေသတွေမှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာက သိအောင် အခုလို အစီရင်ခံစာ ထုတ်ပြန်ခဲ့တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက RFA ကို ပြောပါတယ်။
“လူတွေ အရမ်းစိုးရိမ်နေရတာက ချင်းပြည်နယ်ကို အပြတ်ချေမှုန်းမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်တပ်ကလည်း တစ်ပုံကြီး ရောက်လာတယ်ဆိုတော့ အင်တာနက်နဲ့ တစ်ခြားဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တဲ့အချိန်မှာ စစ်တပ်က ကြီးကြီးမားမား စစ်ဆင်ရေးဆင်နွှဲနေတာ တွေ့ရတယ် အရမ်းပဲ စိုးရိမ်တယ် နိုင်ငံတကာက အနီးကပ်စောင့်ကြည့်ဖို့ တောင်းဆိုချင်တာပါ’’
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ထဲက ဒေသခံတွေ လက်နက်ကိုင် တော်လှန်ကြလို့ စစ်တပ်က လူအင်အား လက်နက်အင်အား အလုံးအရင်းသုံးပြီး နှိမ်နင်းခဲ့သလို ဒေသခံတွေကိုလည်း လူ့အခွင့်အရေး ချိုးဖောက်နေတာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သြဂုတ်နဲ့ စက်တင်ဘာလ နှစ်လအတွင်း ခရစ်ယာန်ဘုရားကျောင်း ခုနစ်ကျောင်းနဲ့ လူနေအိမ် ၁၉ လုံးတို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သလို တချို့လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။
ဒီနှစ်လအတွင်းမှာ ချင်းပြည်နယ်ထဲမှာလူ ၁၇ ဦးသတ်ဖြတ်ခံခဲ့ရသလို စစ်ကိုင်းတိုင်းမှာ ခြောက်ဦးနဲ့ မကွေးမှာ ၁၂ ဦး အသတ်ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဒီအချက်အလက်တွေကို တိုက်ပွဲတွေ ဖြစ်ပွားရာ ဒေသမှာရှိတဲ့ ပြည်သူတွေက ချင်းလူ့အခွင့်အရေးအဖွဲ့ ဆီ ပို့ပေးခဲ့ကြတာကို အဓိကအခြေခံပြီး ပြုစုထားတာလို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။
ချင်းပြည်နယ်ထဲမှာ ခုလိုတိုက်ပွဲတွေကြောင့် မြို့နယ်တွေအလိုက် ရွာပေါင်း ၄၃ ရွာက ဒေသခံ အနည်းဆုံး ၈၀၀၀ ကျော်တို့ ထွက်ပြေးနေရကြရပြီး တောတောင်တွေထဲ ပြန့်ကျဲနေကြတယ်လို့လည်း အစီရင်ခံစာမှာ ပါဝင်ပါတယ်။ အိမ်နီးချင်း အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲမှာလည်း ခြောက်သောင်းလောက် ရောက်နေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ချင်းတိုင်းရင်းသား ၆၁၂ ဦးရှိပြီး သြဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်းမှာ ချင်းတိုင်းရင်းသား အယောက် ၇၀ အဖမ်းခံထားရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ချင်းတိုင်းရင်းသားတွေကို စစ်တပ်က လူ့အခွင့်အရေးပိုင်းဆိုင်ရာ ချိုးဖောက်နေတယ်ဆိုတဲ့ ချင်းလူ့အခွင့်အရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအပေါ် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုတုံ့ပြန်ပြောပါတယ်။
“ချင်းပြည်နယ်မြောက်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာရှိတယ် PDF အကြမ်းဖက်တွေ ဟားခါးတို့ဘက်မှာ ဆောက်လုပ်ရေးဦးစီးဌာန အဆောက်အအုံတွေ မီးရှို့ဖျက်ဆီး ခံရတာတွေရှိတယ် အကြမ်းဖက်တွေမို့လို့ ဖမ်းဆီးထိန်းသိမ်းတာပဲ ရှိတယ် မဖမ်းဆီး မထိန်းသိမ်းခံရရင် PDF ပဲ ဖမ်းဆီးခံရရင်တော့ အရပ်သူ အရပ်သား ဖြစ်သွားတာ ခက်တယ် သို့ပေမယ့် ကျွန်တော်တို့က ဖမ်းဆီးထိန်းသိမ်းပြီးရင် စစ်ဆေးတယ် အကြမ်းဖက်သေချာရင် တရားဥပဒေနဲ့ ရင်ဆိုင်စေမှာဖြစ်တယ် အများအားဖြင့် PDF တို့ CDF တို့ CNF တို့ ဆိုတာတွေ မြို့ပေါ်မှာ နှောင့်ယှက် ဖျက်ဆီးတာတွေလုပ်တယ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်တိုက်ရင် ရွာတွေကို သွားပြီးခိုအောင်းတယ် PDF အဖွဲ့တွေက ရွာတွေကိုခြောက်လှန့်ပြီး စစ်ဘေးရှောင် ပုံစံမျိုးဖြစ်အောင် လုပ်တာရှိပါတယ်’’
အခု အောက်တိုဘာ လဆန်းပိုင်းကတည်းက ချင်းပြည်နယ်ထဲကို စစ်တပ်က လူအင်အား၊ လက်နက်အင်အား အများအပြားနဲ့ ရောက်နေသလို ချင်းပြည်နယ်ထဲ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်ဆင်ရေး ဆင်နွှဲနေလို့ စစ်ရေးတင်းမာတဲ့ အခြေအနေမှာ ရှိနေပါတယ်။
စစ်တပ်အနေနဲ့ တိုက်ပွဲအတွင်း လူနေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်ခတ်တာတွေ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဖို့ တောင်းဆိုချင်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်တဲ့ ဆလိုင်းဒိုခါရ် က ပြောပါတယ်။
“ချင်းပြည်နယ်ထဲမှာ အင်တာနက် ဖြတ်တောက်ထားတာ ၉၀ ရာခိုင်နှုန်းလောက်ရှိတယ် တိုက်ပွဲထဲမှာ ပြည်သူတွေကျဆုံးတာ အိုးအိမ်တွေ ပျက်စီးတာတွေရှိတယ် စစ်ရှောင်တွေဆိုတာ အချိန်နဲ့ တစ်ပြေးညီ အဖွဲ့အစည်းတိုင်းက စာရင်းပြုစုနိုင်တာ မရှိဘူး လက်တွေ့မြေပြင်မှာ ဆိုးဝါးတာတွေ ရှိနိုင်တယ် တိုက်ပွဲက ဒီအတိုင်း ရှေ့ဆက်သွားမယ် ဆိုရင် ပိုဆိုးလာနိုင်တယ် စစ်တပ်က အာဏာတည်ဆောက်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တိုက်တယ် ပြည်သူတွေ ဘက်ကလည်း ဖက်ဒရယ်ဒီမိုကရေစီ ရအောင်ဆိုပြီး တိုက်ပွဲ ဝင်နေကြတယ် တိုက်ပွဲ အဆုံးအဖြတ်နဲ့သွားမယ့် အခြေအနေမှာရှိတယ် တိုက်ပွဲအတွင်း ဘာသာရေး အဆောက်အအုံတွေ ရှောင်လို့ရတော့ နိုင်ငံတကာစံနှုန်းအရ စစ်တပ်အနေနဲ့ လုံးဝလိုက်နာသင့်တယ်”
လက်ရှိ ချင်းပြည်နယ်ထဲက မြို့နယ်အသီးသီးတို့မှာ စစ်တပ်က အင်အားတိုးချဲ့ နေတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို တင့်ကားနှစ်စီးနဲ့ စစ်ကားအစီး ၂၀ ကျော်တို့ ထွက်သွားခဲ့ကြပြီး လမ်းဘေးဝဲယာက ရွာတချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ခုလိုချင်းပြည်နယ်ထဲ စစ်တပ်က စစ်ဆင်ရေး တိုးချဲ့လာတာတွေကြောင့် ဒေသခံရွာသားတွေက ဘေးလွတ်ရာ ရှောင်တိမ်းနေကြသလို တချို့ဆို ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်။ တိုက်ပွဲတွေကြားထဲ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ပြောကြပါတယ်။