စက်တင်ဘာလအတွင်းတွင် စိုးရိမ်ဖွယ်ကောင်းသော မှတ်တိုင်တစ်ခုကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။​ စက်တင်ဘာလကုန်အတွင် စစ်ကောင်စီ၏ အသိဉာဏ်မဲ့သော အင်အားသုံး အကြမ်းဖက် လုပ်ရပ်ကြောင့် ကလေးသူငယ်နှင့် သက်ကြီးပိုင်းအပါအ၀င် လူပေါင်း ၁၀၀ နီးပါး အသတ်ခံခဲ့ရသည်။​ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) အဖွဲ့၀င်များသည် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အသက်စွန့်ကာ မှတ်တမ်းရယူနေသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှု ဖြစ်ပွားနေသည့် အခြေအနေများကို မီးမှောင်းထိုးကာ မြေပြင်မှ နောက်ဆုံးရ အခြေအနေများကို ပုံမှန်တင်ပြပေးနေသည်။  အင်တာနက်ဖြတ်တောက်မှုများကြောင့် အရပ်သားများ ထွက်ပြေးနေကြသည်။ ပစ္စည်းများကို ပြန်ယူရန် နေရပ်သို့ စွန့်စားကာ ပြန်သွားသော အရပ်သားများသည် တိုက်ပွဲများအတွင်း အသတ်ခံနေရသည်။ အမှောင်ထု၏ နောက်ကွယ်တွင် စစ်ကောင်စီသည် ချိုးဖောက်မှုများကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ကျူးလွန်ရန် အလားအလာ ပိုရှိကြောင်း သက်သေပြခဲ့သည်။ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့တွင် သတင်းစီးဆင်းမှုသည် တားဆီးခံရပြီး လက်နက်သဖွယ် အသုံးချ နေသောကြောင့် စစ်ကောင်စီ၏ အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းမှုများ ပြင်းထန်နေသည်။

ထို့ပြင် မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM) အဖွဲ့၏ တွေ့ရှိချက်အရ အထူးသဖြင့် လူငယ်များကို မတရားဖမ်းဆီးခြင်း နှင့် ခေါ်ဆောင်ခြင်းများတိုးလာခဲ့သည်။ အမျိုးသမီးနှင့် မိန်းကလေးများကို ပစ်မှတ်ထားသော အကြမ်းဖက်မှုများလည်း တိုးလာကာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများနှင့် သတင်းထောက်များ ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရပေ။ စစ်ဆေးရေးဂိတ်များနှင့် ဖမ်း၀ရမ်းမပါဘဲ စီးနင်းမှုများသည် ဆိုး၀ါးနေပြီးသော အခြေအနေကို ပို၍ ဆိုး၀ါးစေသည်။ အားနည်းသော တရားစီရင်ရေးစနစ်နှင့် စစ်ကောင်စီအပေါ် ယုံကြည်မှုမရှိခြင်းတို့ကြောင့် အရပ်သားပြည်သူတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်မဲ့စေသည်။

စစ်ကောင်စီ၏ လူမဆန်သော ချိုးဖောက်မှုများကို သက်သေနှင့်အတူမြင်တွေ့ရနေသော်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အရေးယူဆောင်ရွက်မှုများ နှေးကွေးနေသည်။ မြန်မာပြည်၏ ပြည်တွင်းစစ်နှင့် ပတ်သက်၍ ဆယ်စုနှစ်များစွာ သင်ခန်းစာယူနိုင်သော်လည်း  နိုင်ငံတကာခေါင်းဆောင်များမှ စစ်ကောင်စီသည် အလျှော့အတင်းပြုလုပ်ရန် သို့မဟုတ် ညှိနှိုင်းလိုစိတ်မရှိကြောင်း မှတ်ယူပုံရသည်။  အကြမ်းဖက်စစ်ကေောင်စီအား အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ လူ့အခွင့်အရေးများကို ချိုးဖောက်စေမှုသည် ထိရောက်သော အရေးယူလုပ်ဆောင်ချက်များ ပြုလုပ်ရန် နှောင့်နှေးမှု၏ အကျိုးဆက်ဖြစ်သည်။  အိန္ဒိယနှင့် ရုရှားအပါအ၀င် အချို့သောနိုင်ငံများသည် အရပ်သားပြည်သူတို့၏ လူနေမှုဘ၀ကို   ပျက်ဆီးဆုတ်ယုတ်စေသော အဆင့်မြင့် လက်နက်များအား စစ်ကောင်စီထံ ဆက်လက်ရောင်းချနေသည်။​

ဖေဖော်ဝါရီနှင့် စက်တင်ဘာ ၂၀၂၁ ကြား လက်နက်ကိုင်ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ပြည်တွင်း၌ လူပေါင်း ၂၀၆၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရသည်။

New York ဒီမိုကရက်တစ် ကိုယ်စားလှယ် Gregory Meeks မိတ်ဆက်ခဲ့သော Burma Bill ဥပဒေကြမ်းသည် စစ်အာဏာသိမ်းမှုတွင် ပါ၀င်ခဲ့သောသူများအား အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းတို့၏ အောင်မြင်မှု အစိတ်အပိုင်း ဖြစ်သည်။ ၎င်းဥပဒေမူကြမ်းသည် ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်မှ နှိပ်စက် ညှဉ်းပမ်း သတ်ဖြတ်မှုများအား လူမျိုးတုံးသတ်ဖြစ်မှုအဖြစ်သတ်မှတ်ပေးရန် ကုလသမဂ္ဂနှင့် အမေရိကန်အစိုးရအား တောင်းဆိုခဲ့သည်။ ပြင်သစ်အထက်လွတ်တော်မှလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား တရား၀င်အစိုးရအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို ကြေငြာခဲ့သည်။

 

တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ထန်တလန်တွင် မိသားစုအတွက် ရိက္ခာပြန်ပို့ပေးသော ဒေသခံတစ်ဦး အပစ်ခံရကာ ဒဏ်ရာရသော သတင်းအပါ၀င် မင်းတပ်၊ ထန်တလန်နှင့် ဟားခါးတွင် လက်ရှိဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ မှတ်တမ်းပြုစုထားသည်။ ဒေသခံအများစုသည် နေရပ်ကို စွန့်ခွာနေကြပြီး ပစ္စည်းများကို ပြန်ယူရန် ကြိုးစားသော ဒေသခံများသည် ပစ်ခတ်ခံရသောကြောင့် လှည့်ပြန်ခဲ့ရသည်။ အကြမ်းဖက်မှု စစ်ပွဲ၏ တစ်စိတ်တစ်ဒေသအရ အရပ်သားများ ဖမ်းဆီးခံရခြင်းနှင့် သေဆုံးများသည် ဆက်လက်ဖြစ်ပွားနေသည်။​

 

ကချင်ပြည်နယ်

စစ်ကောင်စီသည် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်သောကြောင့် စစ်ကူအမြောက်အများကို ကချင်ပြည်နယ်သို့ ပို့ဆောင်ခဲ့သည်။ ထိတ်လန့်ကြောက်ရွံ့နေသော ဒေသခံများသည် မိမိတို့၏ နေအိမ်များကို စွန့်ခွာကာ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာဒေသများသို့ ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးခိုလှုံနေရသည်။ စစ်ကောင်စီသည် ဆင်ခြင်တုံတရားမရှိသော အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။

ကယားပြည်နယ်

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRO)၏ မှတ်တမ်းများအရ​ စစ်ဘေးရှောင်ကူညီသူ ၃၀ နီးပါးအပါအ၀င် ဖမ်းဆီးခံရသူ အရပ်သား ၂၀၀ ကျော်အထိရှိလာသည်။ ဖမ်းဆီးခံရသူများအနက် အသက်ငယ်ဆုံး  ၁၅နှစ်မှ အသက်အကြီးဆုံး ၅၀ကျော်အထိဖြစ်သည်။ ကယားပြည်နယ်မှ စစ်ဘေးရှောင်ကူညီသူများသည် စစ်ဘေးရှောင်များကို ကူညီရန် ကြိုးပမ်းမှုကြောင့် ပစ်မှတ်ထားခံနေရသည်။ ပြီးခဲ့သည့်လတွင် စစ်ဘေးရှောင်အတွက် ရိက္ခာပို့ဆောင်သော ယာဥ်တစ်စီး တိုက်ခိုက်ခံခဲ့ရသည်။ ကယားပြည်နယ်တွင် စစ်ကောင်စီ၏ ၃ ရက်တာ အကြမ်းဖက်ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် အိမ်ခြေပေါင်း ၅၀ ထိခိုက်ပျက်ဆီးခဲ့ပြီး ပစ္စည်းများလည်း ဖောက်ထွင်းခံခဲ့ရသည်။ သက်ကြီးပိုင်း အရပ်သားတစ်ဦးသည်လည်း ၎င်း၏ နေအိမ်တွင် အသတ်ခံခဲ့ရသည်။

မေလကတည်းမှ စတင်၍ ကယားပြည်နယ်တွင် လူပေါင်း ၁၃၀,၀၀၀ ကျော်နေရပ်စွန့်ခွာ ခဲ့ရသည်။