နေပြည်တော်နဲ့ မန္တလေး သပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ခဲ့သူ ကျောက်ဆည်နည်းပညာတက္ကသိုလ်က ကျောင်းသားတွေဖြစ်တဲ့ ကိုလင်းပိုင်စိုးနဲ့ ကိုငြိမ်းမင်းသန့်တို့ နှစ်ဦး မန္တလေးနန်းတွင်း စစ်ကြောရေးကို ရောက် ရှိနေတာ ဆယ်ရက်ကျော်လာပြီဖြစ်လို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သူတို့နဲ့နီးစပ်သူတွေက ပြော ပါတယ်။
ကိုလင်းပိုင်စိုး၊ ကိုငြိမ်းမင်းသန့်နဲ့ အာဏာဖီဆန်ရေး (CDM) သူနာပြုဆရာမ မကြည်ကြည်ဝင်း တို့ သုံးဦးကို စက်တင်ဘာလ ၃၀ ရက်နေ့က မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီးပြီး မန္တလေး နန်းတွင်း စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုနေသမိုင်း က ပြောပါတယ်။
ကိုလင်းပိုင်စိုးဟာ ဂေါ်ရခါးလူမျိုးဖြစ်ပြီး စစ်ကြောရေးမှာ လူမျိုးရေးခွဲခြားတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ နဲ့ ဆဲဆိုခံရတာ၊ ကိုးကွယ်ယုံကြည်မှုကို စော်ကားတာတွေအပြင် ရိုက်နှက်တာကိုလည်း ပိုခံနေရတယ်လို့ ကိုနေသမိုင်းက ပြောပါတယ်။ ကိုလင်းပိုင်စိုးဟာ ဝမ်းဗိုက်ကို အကန်ခံထားရပြီး ရေတစ်ငုံလောက်ဝင်ရင် တောင် ပြန်အန်ထွက်နေတယ်လို့လည်းဆိုပါတယ်။ သူတို့နဲ့အတူ အဖမ်းခံရပြီး စစ်ကြောရေးမှာနေခဲ့ရတဲ့ CDM သူနာပြုဆရာမ မကြည်ကြည်ဝင်း ကတော့ ဒီနေ့မှာ စစ်ကြောရေးကနေ မန္တလေး အိုးဘိုထောင်ကို ရောက်သွားပြီလို့ဆိုပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က အဖမ်းခံထားရတဲ့သူတွေထဲမှာ အခုသုံးဦးအပြင် နောက်ထပ် ကျောင်းသား တစ်ဦးလည်း ပါဝင်ပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။