မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ (ဃ)ရပ်ကွက် စိန်ပန်းလမ်းတွင် သံပုံးတီးသူများကို စစ်ကောင်စီအကြမ်းဖက်တပ်က “မိုက်ကြလားဟေ့ ထွက်ခဲ့စမ်း” ဟု အော်ဟစ်ကာ ပစ်ခတ်သဖြင့် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကြောင်း ကူညီပေးနေသည့် ဆရာဝန်တစ်ဦးက အတည်ပြုသည်။
၆၆၊၆၇ လမ်း၊ မနော်ဟရီ၊ စိန်ပန်းလမ်းကြားတွင် ၁၆ နှစ်အရွယ် မောင်ဖိုးထီ၏ ကျောကို ကျည်ဆံထိမှန်ကာ ကျဆုံးကြောင်း ဆွေမျိုးနီးစပ်တော်စပ်သူများက ပြောသည်။
ယနေ့ (မတ် ၂၄) ည ၈ နာရီခွဲက စတင်၍ ပစ်ခတ်နေခြင်းဖြစ်ပြီး အနည်းဆုံး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။
ယင်းမှာ လတ်တလောအခြေအနေကို သိရှိရခြင်းဖြစ်ပြီး လူဦးရေ ထပ်တိုး ထိခိုက်နိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးအသင်းတစ်ခုက ပြောသည်။
“ကျွန်မတို့သံပုံးတီးပြီးတော့ သူတို့ဝင်လာတာ၊ဘယ်သူတွေမိုက်တာလဲဟ၊ခုနက ဘယ်သူတွေတီးကြတာလဲဟ ထွက်ခဲ့ကြပါဆိုပြီးလှည့်ပစ်နေတာ၊ကင်းသမားတွေထိတယ်လို့ပြောတယ်။ ကျွန်မ ကြားတာ ဗိုက်ထိတစ်ဦး ခြေထောက်တစ်ဦး ကယ်ဆယ်ရေးမလာသေးဘူး ၊ဒီအတိုင်းထားထားရတယ်ပြောတယ်။ ကျွန်မတို့လည်းထွက်မကြည့်ရဲဘူး”ဟု စိန်ပန်းလမ်းနေ ပြည်သူတစ်ဦးက ယနေ့ည ၉ နာရီခန့် ကပြောသည်။”
လူနာတင်ကားဝင်၍ မရသည့် အခြေအနေကနေ ည ၉ နာရီခွဲဝန်းကျင်တွင် လူနာကယ်ဆယ်၍ ရပြီး သက်ဆိုင်ရာ ဆေးခန်းများသို့ ပေးပို့နိုင်ကြောင်း ကယ်ဆယ်ရေးဆရာဝန်တစ်ဦးက အတည်ပြုသည်။
စစ်ကောင်စီအကြမ်းဖက်တပ်က မန္တလေးတွင် ပစ်ခတ်မှုမှာ ယနေ့(မတ်၂၄)ထိ လေးရက် ဆက်တိုက်ဖြစ်လာသည်။ မန္တလေးမြို့ ပစ်ခတ်မှုကြောင့် ဆန္ဒပြရာတွင် မပါဝင်ဘဲ အိမ်ဝင်းခြံဝင်းအတွင်း၌ ရှိနေသည့် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး၊ ၁၄ နှစ်အရွယ် ယောကျာ်လေးတစ်ဦးလည်း သေဆုံးခဲ့ရသည်။
မတ် ၂၁မှ ၂၃ ထိ သုံးရက်ဆက်တိုက် ပစ်ခတ်မှုကြောင့် ပြည်သူ စုစုပေါင်း ၂၂ ဦး ကျဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူ ၃၅ ဦး ထက် မနည်း ရှိခဲ့သည်။
မှတ်ချက်။ ။ (နောက်ဆုံးရအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက်ပြင်ဆင်နေပါသည်။)
Myanmar Now