သေဆုံးသူများအနက် အတည်ပြုနိင်သူ ၄ ဦးမှာ အသက် ၁၈ နှစ်အရွယ် မင်းခန့်စိုး၊ ၂၄ နှစ်အရွယ် ဟိန်းထက်ဒွေး၊ ၄၃ နှစ်အရွယ် လင်းလင်းကျော်နှင့် ၂၅ နှစ်အရွယ် ကျော်လင်းခိုင်တို့ ဖြစ်သည်

သင်္ဃန်းကျွန်းမြို့နယ်တွင် ညနေ ၅ နာရီဝန်းကျင်မှစတင်ကာ စစ်ကောင်စီလက်နက်ကိုင်များ၏  အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးရှိကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၂၀ ဦးအထိရှိနေကြောင်း သင်္ဃန်းကျွန်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့ဝင်များသည် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ AKK Shopping Center ထောင့်မှနေ၍ ဆန္ဒပြအရပ်သားပြည်သူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ဘုရားလမ်းထိပ်ရှိ ဆန္ဒပြသပိတ်မှာလည်း လုစုခွဲပြီးချိန်တွင် အသံဗုံးများ တရစပ်ပစ်ခတ် ခြင်း၊ ကျည်အစစ်များဖြင့် တွေ့ရာမြင်ရာ လိုက်လံပစ်ခတ်သဖြင့် အရပ်သားပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများအနက် အတည်ပြုနိင်သူ ၄ ဦးမှာ အသက် ၁၈ နှစ်အရွယ် မင်းခန့်စိုး၊ ၂၄ နှစ်အရွယ် ဟိန်းထက်ဒွေး၊ ၄၃ နှစ်အရွယ် လင်းလင်းကျော်နှင့် ၂၅ နှစ်အရွယ် ကျော်လင်းခိုင်တို့ ဖြစ်သည်။

ကျန်သေဆုံးသူများကို ဆက်လက်အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

“စိတ်မချဘူး။ သေနတ်သံတွေကြားတော့လေ၊ သူ့ကို အရမ်းစိတ်ပူတယ်။ ထွက်သွားတာ ၄ ယောက်ပေ မယ့်လေ သူ့ကိုပဲစိတ်ထဲမှာ ထင့်နေတယ်။ သူ့ကိုပဲစိတ်ထဲမှာ မြင်ယောက်နေတယ်။ သူထိတယ်ဆိုတာကို ၆ နာရီလောက်မှာ ကြားရတယ်။ အမ သူတို့ကို တစ်သက်မကျေဘူး။ တစ်သက်ဘယ်တော့မှ မကျေဘူး။ သူများမိသားစုတွေ ခံစားဒုက္ခရောက်နေရတာ၊ သူတို့မိသားစုတွေလည်း ပြန်ခံစားရမှကို အမ ကျေနပ်မှာ” ဟု ဦးလင်းလင်းကျော်၏ ဇနီးဒေါ်သန်းသန်းသွယ် (၄၀ နှစ်) က Myanmar Now ကို ပြောသည်။

ဦးလင်းလင်းကျော်သည် ဝမ်းဗိုက်တွင် ထုတ်ချင်းပေါက် ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စံပြဆေးရုံတွင် သင်္ဃန်းကျွန်းအပါအဝင် အခြားမြို့နယ်များ၌ ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၄၀ ဦးကျော်ခန့် ရောက်ရှိနေပြီး အရေးပေါ်ကုသမှုများခံယူလျက်ရှိသည်။

တောင်ဒဂုံမြို့နယ် ဧရာဝဏ်လမ်းဆုံ၌လည်း ယနေ့ည ၇ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရ၍ သင်္ဃကျွန်းမြို့ နယ်စံပြဈေးရုံသို့ ရောက်ရှိလာသူများအနက် အသက် ၁၅ နှစ် အရွယ်သာ မဇူးဝင့်ဝါဆိုသူ သေဆုံးခဲ့ ဖြစ်သည်။

“ကျွန်တော်က အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူတယ်ဗျာ။ ဒါပေမယ့် တစ်သက်မကျေဘူး၊ သမီးက ပြောတယ် ပါပါးသေရင်မျက်ရည်မကျနဲ့တဲ့” ဟု ဆိုလျက် ဆိုနင့်ကျေကွဲစွာငိုကြွေးလျက် ဇူးဝင့်ဝါ၏ ဖခင် ဦးတင်ကိုကိုဦး Myanmar Now ကို ပြောသည်။

ဇူးဝင့်ဝါသည် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြပွဲများတွင် တောက်လျှောက်ပါဝင်ခဲ့၍ မတ်လဆန်း တွင် ဖမ်းဆီးခံခဲ့ရဖူးပြီး ပြန်လည်လွတ်မြောက်ခဲ့သည်မှာ တစ်ပတ်သာရှိသေးသည်ဟု ၎င်း၏ ဖခင်က ဆိုသည်။

ပစ်ခတ်မှုများက ၇ နာရီခွဲအချိန်တွင် ငြိမ်သက်သွားသော်လည်း လေးထောင့်ကန် လမ်းမနှင့် ရပ်ကွက်လမ်းထိပ် နေရာအချို့တွင်ပါ စစ်သားနှင့် ရဲများက ဆက်လက် နေရာယူထားဆဲဖြစ်၍ ရပ်ကွက်အတွင်းရှိ လမ်းများထဲအထိ ဝင်ရောက်လာမည်ကို ပြည်သူများက စိုးရိမ်လျက်ရှိသည်။

၇ နာရီခွဲအချိန်တွင် ပစ်ခတ်မှုများ ငြိမ်သက်သွားသော်လည်း လေးထောင့်ကန်လမ်းမနှင့် ရပ်ကွက်လမ်း ထိပ်နေရာအချို့တွင်ပါ စစ်သားနှင့် ရဲများက ဆက်လက် နေရာယူထားဆဲဖြစ်၍ ရပ်ကွက်အတွင်းရှိ လမ်းများထဲအထိ ဝင်ရောက်လာမည်ကို ပြည်သူများက စိုးရိမ်လျက်ရှိသည်။

ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းမကြီး၊ ဘီအိုစီမှတ်တိုင်အနီးတွင် ကျည်အတွဲလိုက်ပစ်ခတ်ခံသံများ ထွက်ပေါ်ခဲ့ပြီး အမျိုးသား သုံးဦး ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့၍ စံပြဆေးရုံးသို့ အရေးပေါ်ရောက်ရှိနေသည်။