စစ်တပ်က အာဏာသိမ်းယူပြီးချိန်မှစတင်ကာ စံချိန်တင် သွေးစွန်းခဲ့သော ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၁ ဦးကို လက်ခံကုသပေး ခဲ့ရာ ၁၄ ဦးမှာ သေသည်ထက်ဆိုးရွားသော သေနတ်ဒဏ်များဖြင့် လူနာများဖြစ်နေသည် 

(မှတ်ချက် – ယခုသတင်း၏ မှတ်တမ်းဓာတ်ပုံများတွင် Graphic Content များ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်)

အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ယမန် (ဖေဖော်ဝါရီ ၂၈) နေ့တွင် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ဒဏ်ရာရရှိသူများအနက် ၂၁ ဦးကို ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် လက်ခံ ကုသပေးခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦးအနက် ၁၄ ဦးမှာ သေသည်ထက် ဆိုးရွားသော သေနတ်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ဆရာဝန်များ၏ အဆိုအရ သိရသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူ ၁၉ ဦးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ၂ ဦး လက်ခံကုသပေးခဲ့ရာ လေးဦးသေဆုံးခဲ့သည်ဟု အဆိုပါဆေးရုံများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။

Myanmar Now ၏ သီးခြားအတည်ပြုချက်များအရ သေဆုံးသူ လေးဦးမှာ ညီညီအောင်ထက်နိုင်၊ ဇင်လင်းထက်၊ အလယ်တန်းပြကျောင်းဆရာမ ဒေါ်တင်နွဲ့ရီနှင့် ဟိန်းထွဋ်အောင်တို့ ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီး၏ ဆေးရုံမှတ်တမ်းအရ ဒဏ်ရာရရှိသူ သုံးဦးမှာ သေဆုံးပြီးမှ ဆေးရုံသို့ ရောက်ရှိလာ ခြင်းဖြစ်သည်။ ၂၃ နှစ်အရွယ် ညီညီအောင်ထက်နိုင်မှာ ဝမ်းဗိုက်အောက်ပိုင်းနေရာတွင် ကျည်ဆံထုတ် ချင်းပေါက်ဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။​

ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ ရောက်ရှိလာသူ ၁၉ ဦးအနက် ၁၄ ဦးမှာ သေနတ်ဒဏ်ရာများဖြင့်ဖြစ်ပြီး ကျန်သူများမှာ မျက်ရည်ယိုဗုံးအငွေ့ ရှူမိခြင်း၊ ဖြိုခွင်းမှုအတွင်း ထိခိုက်ဒဏ်ရာရာခြင်းတို့ ဖြစ်ကြောင်း CDM ပြုလုပ်နေသည့် ဆရာဝန်များက ထုတ်ပြန်သည်။

အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း လည်ပင်းသို့ ကျည်ဆန်ဖောက်ဝင်ခဲ့၍ အရေးပေါ် ကုသနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ယနေ့ (မတ် ၁) တွင် ပြောသည်။

“တစ်ရက် နှစ်ရက်အတွင်း ဆုံးသွားနိုင်ခြေ ရှိတာပေါ့။ မျော်လင့်ချက်ကတော့ တော်တော်လေး နည်းတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

ဒဏ်ရာရာသူ ၁၁ ဦးကို အရေးပေါ်ခွဲစိတ်ပေးခဲ့ရပြီး အသက်အငယ်ဆုံးအဖြစ် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦး ပါဝင်ပြီး အများစုမှာ အသက် ၂၀ နှင့် ၃၀ ဝန်းကျင် လူငယ်များ ဖြစ်ကြောင်း ဆေးရုံမှတ်တမ်းများ အရ သိရသည်။​

Mya_5856.Jpg

လက်နက်မဲ့ အရပ်သားများကို သွေးသံရဲရဲဖြစ်သည်အထိ အကြမ်းဖက်ဖမ်းဆီးခဲ့စဉ်။လက်နက်မဲ့ အရပ်သားများကို သွေးသံရဲရဲဖြစ်သည်အထိ အကြမ်းဖက်ဖမ်းဆီးခဲ့စဉ်။

ဒဏ်ရာရရှိသူများတွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခံရ၍ အရိုးကျိုးသူများ၊ အာရုံကြောထိခိုက်သူများ ရှိပြီး အရေးပေါ် ခွဲစိတ်ခဲ့ရခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရပြီး ထုတ်ချင်းပေါက်ဒဏ်ရာဖြင့် ရောက်ရှိလာသူ ၃ ဦးရှိပြီး အများစုမှာ လှည်းတန်းဖြိုခွင်းမှုအတွင်း ဒဏ်ရာရရှိခဲ့သူများဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးသည် အရေးပေါ်လူနာများကို ကုသရန် လူအင်အား၊ စက်ပစ္စည်းနှင့် လူနာတင်ယာဉ်များ နှင့် ချိတ်ဆက်မှု အားကောင်းသောကြောင့် ဆန္ဒပြသူများကို ပစ်ခတ်မှုများ ရှိလာပါက ကုသပေးရန် CDM  ပြုလုပ်သည့် ဆရာဝန်များက စီစဉ်ထားကြသည်။

အရေးပေါ် ကုသနိုင်၍ အခြေကျသွားသော လူနာများကို ဆေးရုံကြီး၏ ကုန်ကျစာရိတ်အတိုင်း ကျခံကု သပေးမည့် ပုဂ္ဂလိက ဆေးရုံများဖြင့် ချိတ်ဆက်ကာ ပြောင်းရွေ့ ကုသခွင့် ရရှိမည်ဟု သိရသည်။

ဒဏ်ရာရရှိသူ ၅ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၁၀ ဦးမှာ အခြေအနေ တည်ငြိမ်နေသော်လည်း ထပ်မံ ခွဲစိတ်ရန်လိုအပ်သဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ လွှဲပြောင်းထားကြောင်း လည်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ဖြိုခွင်းမှုများအတွင်း ထိခိုက်ဒဏ်ရာပြင်းထန်သူများ ရှိသဖြင့် ရန်ကုန်ဆေးရုံကြီးနှင့် အခြားပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနအချို့ကို လိုအပ်ချက်အရ ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ကြောင်း အရေးပေါ်ဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါဆရာဝန်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်ကို ဆက်လက်ဖီဆန်သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကော်မတီ (CRPH) လက်အောက်တွင် တာဝန်ထမ်းဆောင်၍ အရေးပေါ်ကယ်ဆယ်ရမည့် ဒဏ်ရာရ ဆန္ဒပြသူများကို ကုသပေးခြင်း ဖြစ်ကြောင်းဆိုသည်။

“စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို မတရားသဖြင့် သိမ်းယူသည့်အပြင် လူသတ်ပွဲများကိုပါ တရစပ် ကျူးလွန်နေသောကြောင့် ရာဇဝတ်သားအဖြစ် အရေးယူနိုင်ရန်အတွက် မှတ်တမ်းများ ပြုစုခြင်း၊ တင်ပြ ခြင်းများ ပြုလုပ်ရင်း CDM လှုပ်ရှားမှုကို အောင်ပွဲရသည်အထိ စနစ်တကျဆက်လက်ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု CDM ကျန်းမာရေးဝန်ထမ်းများအဖွဲ့က ယနေ့ တွင် ထုတ်ပြန်သည်။

ယမန်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်မရွံ့လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံ့အနှံ့အပြားရှိ မြို့ကြီးများတွင် ရာဘာကျည်များ၊ ကျည်အစစ်များ၊ မီးခိုးဗုံးများ၊ အသံဗုံးများဖြင့် အကြမ်းဖက်ဖြိုခွင်း ခဲ့သည်။

ထိုသို့ ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုများအပေါ်  နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်မှုများ၊ သတိပေး မှုများရှိလင့်ကစား အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့တွင်လည်း ငြိမ်းချမ်း စွာဆန္ဒပြသူများကို အကြမ်းပတမ်းဖြိုခွင်းခဲ့သည်။