မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရ နိုင်တယ်လို့ အင်ဒီယားနားပြည်နယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young က သတိပေး ပြောဆိုလိုက် ပါတယ်။ အင်ဒီယာနာပိုလစ်မြို့မှာ မြန်မာ-ချင်းလူမှုအဖွဲ့အစည်းနဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလို ပြောဆိုသွားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကနေ အပြောင်းအလဲတွေ ဖြစ်လာစေနိုင်မယ့် နည်းလမ်းကိုရှာဖွေဖို့ အင်ဒီယားနား ပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းသားအများစုပါဝင်တဲ့ မြန်မာ-ချင်း လူမှုအဖွဲ့အစည်းနဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Todd Young တို့ အင်ဒီယာနာပိုလစ်မြို့မှာ ဖေဖေါ်ဝါရီ(၁၉) သောကြာနေ့ လည်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
မြန်မာ့တပ်မတော်အနေနဲ့ အရပ်သားအစိုးရကို အာဏာပြန်လွှဲအပ်ဖို့လိုတယ်လို့ ဆွေးနွေးပွဲမှာ အထက်လွှတ်တော်အမတ် Todd Young က တိုက်တွန်းသွားတာပါ။
“ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က တရားဝင်မှု မရှိဘူးဆိုပြီး ကြံရွယ်လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ ဒါဟာ စစ်တပ်က ဒီမိုကရေစီကို သစ္စာဖေါက်လိုက်တာဖြစ်ပြီး ရွေးကောက်ခံ အရပ်သားကိုယ်စားလှယ်တွေကို အာဏာပြန်လွှဲအပ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ အာဏာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ခုထက်ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရနိုင်ပါတယ်။ ဒီကိစ္စအတွက် အမေရိကန်အစိုးရကိုလည်း ကျနော်တို့ တိုက်တွန်းသွားမှာဖြစ်သလို၊ အကြိမ်ကြိမ် သတိပေးနှိုးဆော်နေမှာ ဖြစ်တယ်လို့ ကျနော့် မဲဆန္ဒနယ်မြေက ပြည်သူတွေကို အသိပေးလိုပါတယ်။ ”
Mr. Todd Young ဟာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဝင်တဦးဖြစ်ပြီး မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း တက်ကြွစွာ ဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။
အင်ဒီယာနာပိုလစ်မြို့က သောကြာနေ့ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ BACI (Burmese American Community Institute) မြန်မာ-အမေရိကန် လူမှုအဖွဲ့အစည်း တာဝန်ခံ ကိုအီလိုင်ဇာက အထက်လွှတ်တော် အမတ်နဲ့ ဆွေးနွေးပွဲလုပ်ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။
“ဒီ စစ်အစိုးရကနေပြီးတော့မှ အာဏာသိမ်းတာနဲ့ ပက်သက်ပြီးတော့မှ ချက်ချင်း အဖမ်းခံထားရတဲ့ State Counselor ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ တခြားခေါင်းဆောင်တွေ ၊ နိုင်ငံရေးလှုပ်ရှားမှုမှာပါတဲ့ ခေါင်းဆောင်တွေ ချက်ချင်းအကြွင်းမရှိ လွှတ်ပေးဖို့ သူတို့ တောင်းထားတာရှိတယ်။ အဲဒါ တကယ်လို့များ စစ်အာဏာရှင်ကနေပြီးတော့ မလိုက်နာဘူးဆိုရင် ပိုပြင်းထန်တဲ့အရေးယူမှု၊ စီးပွားရေးပိတ်ပြီးအရေးယူမှု ၊ Diplomatic အနေနဲ့ အရေးယူမှုရယ် ပြီးရင် လိုရင်လိုအပ်သလို အရေးယူမှုဖို့ရယ် သူကနေပြီးတော့ ဦးဆောင်လုပ်ပေးနေတယ်။ ဆိုတော့ ဒါကို Civilian အရပ်သားအစိုးရဆီကို အာဏာပြန်လွဲပေးနိုင်ရန် ကျနော်တို့က အတန်တန် တိုက်တွန်းထားတာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ ရှစ်လေးလုံး စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ အလွယ်တကူ ဖြစ်မလာပဲ စစ်အာဏာရှင်တွေသာ သက်စိုးရှည်ခဲ့တာပါ။ အခုတခေါက် အမေရိကန်ရဲ့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေက လက်တွေ့မှာ တကယ် ထိရောက်မှုတွေရှိလာနိုင်မှာပါလား။ ကိုအီလိုင်ဇာက ခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ မျှော်လင့်ပါတယ် ဒီတခါတော့ အမေရိကန်ကနေပြီးတော့မှ UN ရယ်၊ မဟာမိတ်တွေရယ် ၊ ဥပမာအားဖြင့် မနေ့တုန်းကလည်း ဂျပန်၊ ပြင်သစ်နဲ့ သူတို့ ပေါင်းပြီးတော့မှ ဆက်လက်မယ်ဆိုပြီးတော့ နိုင်ငံခြားရေးဌာနဝန်ကြီး Blinken ကနေပြီးတော့မှ သူတို့ agreement ရထားပါတယ်။ တကယ့်တကယ် result အဖြေလည်းထွက်လာမယ့် action တွေဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ တကယ်လို့များ စစ်အစိုးရကနေပြီးတော့မှ အာဏာမလွှတ်ဘူးဆိုရင် ကျနော်တို့က တခြားနည်းလမ်း အားလုံးကိုလည်း ရှာဖွေမှာဖြစ်ပါတယ်။”
ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေပေမယ့် မြန်မာပြည်သူပြည်သားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့အတူ တသားထဲရှိကြောင်း ကိုအီလိုင်ဇာက ပြောပါတယ်။
“ အထူးသဖြင့် CDM မှာပါတဲ့ အားလုံးကို ကျနော်တို့ ကျေးဇူးလည်းတင်တယ်၊ ခွန်အားလည်းရတယ်။ ပြီးတော့မှ Non-Violence movement ပြည်သူတွေ လုပ်နေတာကို ကျနော်တို့ အားပေးတယ်။ အဲလိုပဲ ပြည်တွင်းမှာ People power ပြည်သူလူထုရဲ့ အင်အားက အဓိကပါ။ ပြည်သူလူထုရဲ့ အင်အားက ဒီလိုသာ ဆက်သွားနေမယ် ၊ ဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းရယ် ကျနော်တို့ အမေရိကန်နိုင်ငံအစိုးရရယ် ပိုပြီးတော့မှ ထောက်ပံ့ပြီးတော့ အားပေးနိုင်ဖို့ အလားအလာတွေလည်း ပိုများလာမယ်။ အဲဒါကြောင့် အားမလျှော့ကြပါနဲ့ ၊ ကျနော်တို့ Revolution ကျနော်တို့ တိုက်ပွဲကို မပြီးမချင်း ဆက်လုပ်ရအောင် ။ အဲလိုလုပ်တဲ့အချိန်မှာ Peaceful အကြမ်းမဖက်ပဲ စည်းကမ်းရှိရှိနဲ့ ကျနေ်ာတို့ ဆက်လုပ်ကြရအောင်လို့ ကျနော်ပြောချင်ပါတယ်။ ”
ခုလာမယ့် သီတင်းပတ်ကုန်မှာလည်း အင်ဒီယားနားပြည်နယ်ရောက် မြန်မာနဲ့တိုင်းရင်းသားပေါင်းစုံက မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆန္ဒပြ တောင်းဆိုကြမယ်လို့ သိရပါတယ်။