၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာ့တပ်မတော်က အာဏာသိမ်းယူခဲ့သည့် လုပ်ရပ်ကို ချင်းလူ့အခွင့်အရေးအဖွဲ့က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါသည်။ ယင်းသို့ အာဏာ သိမ်းယူ ခြင်းသည် တိုင်းပြည်ကို ဒီမိုကရေစီ စနစ်တည်ဆောက်ရေး လမ်းကြောင်း မှ သွေဖည်စေပြီး အန္တရာယ်ကြီးမားသည့် နောက်ကြောင်းပြန် အနေအထားကို ရောက်ရှိစေပါသည်။
အထူးသဖြင့် တိုင်းပြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး အလားအလာများကို ပျက်စီး စေပြီဖြစ်သည်။ ယခုကဲ့သို့ ကိုဗစ် ကပ်ရောဂါ နှင့် ရင်ဆိုင်နေကြရသည့် ကာလတွင် တိုင်းပြည်၏ ရှိရှိသမျှ ရင်းမြစ်များအားလုံး နှင့်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကို ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် နှစ်မြှုပ်လုပ်ကိုင်နေကြရမည့်အချိန်တွင် မြန်မာ့တပ်မတော်၏ လုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် သန်းပေါင်းများစွာသော ပြည်သူလူထု၏ ဘဝများကို အန္တရာယ် အတွင်းသို့ မဆင်မခြင်ဆွဲခေါ်နေခြင်းပင်ဖြစ်သည်။
မြန်မာ့တပ်မတော် အနေဖြင့် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ သတင်းသမားများ၊ စာရေးဆရာများ နှင့် အရပ်ဘက် တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန် ချင်းလူ့ အခွင့်အရေး အဖွဲ့ အနေဖြင့် တောင်းဆိုသည်။ ထို့ ပြင် နိုင်ငံရေးနှင့်ဆက်နွယ်၍ ဆက်လက် ဖမ်းဆီးမှုများ မပြုလုပ်ရန် အလေးအနက်ထား တိုက်တွန်းသည်။
တပ်မတော်သည် ၎င်း၏ လုပ်ရပ်များအား ပြန်လည်ရုပ်သိမ်းပြီး မြန်မာနိုင်ငံအား ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂ နှင့် နိုင်ငံများအားလုံးက တပ်မတော်အပေါ် သံတမန်ရေး နှင့် စီးပွားရေး ဖိအားများ တတ်စွမ်းသမျှပေးကြရန်လည်း တိုက်တွန်းအပ်ပါသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့သည် မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှု လုပ်ရပ်အား အများကရှုတ်ချနေမှုများနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်လျက် မတရားမှုများကို တိုက်ဖျက်ကာ တရားမျှတ ငြိမ်းချမ်းပြီး တန်းတူညီမျှရှိသည့် ဒီမိုကရေစီ အနာဂတ်တည်ဆောက်ရေးဆီသို့ မြန်မာပြည်သူပြည်သားများ နှင့်အတူ ညီညီညွတ်ညွတ် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

https://www.chinhumanrights.org/statement-by-chin-human…/