ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရှိ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် AA အဖွဲ့က ရွာတရွာလျှင်လူ(၅)ဦးစီ သင်တန်းတက်ရောက်ရန် အတင်းအကြပ်ခေါ်ယူသည့်အပြင် ငွေသိန်း(၂၀)စီကိုလည်း အတင်းအကြပ်တောင်းယူခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။
၀၃၊ ၀၁၊ ၂၀၂၁ရက်နေ့တွင် AA အဖွဲ့ဝင် လူ(၃)ဦးတို့သည် အရပ်ဝတ်နှင့် မင်းပြားမြို့နယ်အတွင်းရှိ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင်သွားရောက်ပြီး အစည်းအဝေးများခေါ်ယူကာ တရွာလျှင်လူ(၅)ဦး စီ ၎င်းတို့ထံ သင်တန်းတက်ရောက်ရန်အတွက် အတင်းအကြပ်ခေါ်ယူသည့်အပြင် ၎င်းသင်တန်းသားများ(၅)ဦး ၏မိသားစုဝင်များ စားစရိတ်အတွက် ငွေသိန်း(၂၀)ကိုပါပေးဆောင်ရန် လိုက်လံအသိပေးအကြောင်းကြား ခြင်းများ ပြုလုပ်ခဲ့သည်ဟု အဆိုပါဒေသခံက ပြောဆိုပါသည်။
“ရခိုင့်လက်နက်ကိုင်အဖွဲ့ကလို့ပြောတယ် အရပ်ဝတ်နဲ့လူ(၃)သုံးယောက်က ကျနော်တို့ရွာမှာ ဇန်နဝါရီလ(၃) ရက်နေ့တွင် ရောက်လာခဲ့ကြပါတယ်၊ တစ်ရွာလုံးကိုအစည်းအဝေးတက်ဖို့ခေါ်တယ်၊ အဲ့အစည်းအဝေးမှာ မင်းတို့ကချင်းလူမျိုးဖြစ်ကြပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတယ်ဆိုတော့ အခုကျနော်တို့က အုပ်ချူပ်မှုပိုင်းနဲ့ပတ်သက်ပြီးတော့ သင်တန်းလုပ်ဖို့ရှိတယ်ဆိုတော့ တစ်ရွာမှာလူငါး(၅)ဦးစီတက်ရမည်၊ အသက်အရွယ်အားဖြင့်(၄၅)နှစ်အောက် ယောင်္ကျားလေးတွေဖြစ်ရမယ်၊ သင်တန်းတက်ကာလအတွင်း သင်တန်းသို့တက်လာသူတွေရဲ့မိသားစုဝင် စားဝတ်နေရေးအတွက် လူတစ်ဦး အတွက် ငွေသား ၄၀၀,၀၀၀(လေးသိန်း)-ကျပ်စီပေးရမည် သင်တန်းသားက တစ်ရွာ(၅)ဦးဆိုတော့ သိန်းနှစ်ဆယ်ကျပ် ကောက်ခံဖိုလည်းလိုအပ်တယ် သင်တန်းကဘယ်ချိန်စမယ်ဆိုတာတော့ လုံးဝမပြောခဲ့ဘူး အဆင်သင့်သာနေခဲ့ကြလို့ဘဲပြောခဲ့တယ်” ဟု အဆိုပါရွာသားက ဆက်ဆိုသည်။
ထိုသူကဆက်လက်ပြီး “ကျနော်တို့ ကျေးရွာကမုဆိုးဖို၊ မုဆိုးမအပါအဝင် စုစုပေါင်းအိမ်ခြေ(၁၁၃)အိမ်ရှိပါတယ် အဆိုပါ ငွေသိန်း(၂၀)အတွက် ငွေကြေးကောက်ခံမည်ဆိုပါက တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)စီနှုန်း ကောက်ရမည့်သဘောရှိတယ်၊ ကျနော်တို့ရွာမှာက သုံးပုံမှာနှစ်ပုံက ငွေကြေးခက်ခဲမှုရှိကြတယ်” ဟု လည်း ထပ်မံပြောဆိုပါသည်။
ရခိုင်ပြယ်နယ် မင်းပြာမြို့နယ်တွင် ချင်းလူမျိုးများနေထိုင်တဲ့ကျေးရွာပေါင်း (၃၀)ရွာလောက်ရှိကြောင်း သိရှိရပါသည်။
ချင်းလူမျိုးများအား AA အဖွဲ့က ၎င်းတို့ဆီ သင်တန်းတက်ရောက်ရန် အတင်းအကြပ်ခေါ်ယူနေတာဟာ မင်းပြားမြို့နယ်တစ်ခုထဲ မဟုတ်ဘဲ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင်လည်း ချင်းလူမျိုးများနေထိုင်တဲ့ ကျေးရွာပေါင်း(၅၀)ကျော်ရှိတဲ့ ကျေးရွာတွေမှာလည်း တဆင့်ပြီးတဆင့်သင်တန်းသား ခေါ်ယူရန်ရှိကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောဆိုပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးတွေကို AA အပါအဝင် AA အမာခံတွေက လူမျိုးရေးအရ နည်းပေါင်းစုံဖြင့် ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်နေလေ့ရှိသည့်အပြင် AA တွေရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကြောင့် အသက်သေဆုံးခဲ့ ရတဲ့သူတွေရဲ့ သတင်းများပေါက်ကြားစေပါက မိသားစုဝင်တွေအားလုံးသတ်ပစ်မည်ဟု AA တွေက ခြိမ်းခြောက်လေ့ရှိကြကြောင်း သတင်းရရှိပါသည်။