သတင်းဓာတ်ပုံ
မိုင်းအနိုင်၊ ရွှေဖီမြေ
တပ်မတော်နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့အကြား တိုက်ပွဲကြောင့် ကျေးရွာအသီးသီးမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တိုက်ပွဲရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးသလို အချို့ကျေးရွာမှာ တိမ်းရှောင်ရသူ ထပ်တိုးလာတာကြောင့် တိမ်းရှောင်နေရသူ ၃ ထောင်ကျော်ရှိလာပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲတွေ မရှိတော့ပေမယ့် တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတာကြောင့် တိုက်ပွဲဆက်ဖြစ်မှာကို စိုးရိမ်နေရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာတာဖြစ်တယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။
တိုက်ပွဲရှောင်တွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း (၁၀)ကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။
ကျောက်မဲမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက “တစ်ကယ် တိုက်ပွဲဖြစ်လို့ ထိတဲ့ရွာတွေက လေးရွာလောက်ဘဲရှိမယ်။ ကျန်တဲ့ရွာတွေက ကြောက်လို့ထွက်ပြေးတာ” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။
ဟိုနမ့်ကျေးရွာဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ရသူဦးရေ (၃၇ဝ)ကျော်ရှိပြီး အဲဒီကျေးရွာဟာ လမ်းခရီးဝေးတဲ့အတွက်ကြောင့် (၁ဝ)ရက်လောက်အကြာမှ ကူညီပေးနေတဲ့အဖွဲ့တွေ ရောက်ရှိပြီး ကူညီ​ေပးနိုင်ခဲ့ပါတယ်။
တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ စက်တင်ဘာ ၃ဝ ရက်ကတည်းက ကျောက်မဲမြို့နယ်ထဲမှာ စစ်ရေးတင်းမာ​ေနကြတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ တိုက်ပွဲ မဖြစ်တော့ပေမယ့် နှစ်ဖက်တပ်တွေ လှုပ်ရှားမှုတွေ ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။