မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမှ တောင်ကုတ် NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားကြောင်း AA အတည်ပြု အဆိုပါ ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးမည်ဟု AA ဘက်က ဆိုသည်
 Oct 20, 2020
ဖမ်းဆီးခံထားရသူများအား AA ၏ ထုတ်ပြန်ချက်တွင်တွေ့ရပုံ။
ဖမ်းဆီးခံထားရသူများအား AA ၏ ထုတ်ပြန်ချက်တွင်တွေ့ရပုံ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင် တောင်ကုတ်မြို့နယ် ကိုယ်စားလှယ်လောင်း သုံးဦးကို  ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာ ၁၉ ညပိုင်းတွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

တောင်ကုတ်မြို့နယ်  အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမှတ် ၁၂ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့သည် အောက်တိုဘာ ၁၄ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးသည့်  ဖောင်းကားကျေးရွာသို့ မဲဆွယ်ရန် သွားရောက်ခဲ့စဉ် အမည်မသိ လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးသွားပြီး ၅ ရက်အကြာတွင် AA ဘက်က ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

 

ဖမ်းဆီးထိန်းသိမ်းရခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရသည် စစ်တပ်နှင့်ပူးပေါင်းကာ ကြံရာပါ ကျူးလွန်နေကြောင်း ၊ ရခိုင်လူထုကို မတရားဖမ်းဆီးနှိပ်စက်သော မြန်မာဖက်ဆစ်စစ်တပ်ကို ထောက်ခံအားပေးနေပြီး ကြံရာပါအဖြစ် ကျူးလွန်နေကြောင်း၊  ကိုရိုနာ ကပ်ဘေးတွင်လည်း NLD အစိုးရသည် နိုင်ငံရေးအမြတ်ထုတ်ပြီး ဖက်ဆစ်စစ်တပ်က စစ်ရေးအမြတ်ထုတ်နေကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် NLD အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပျက်ကွက်ခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် AA ၏ ဂုဏ်သိက္ခာကျဆင်းအောင် ပုံဖော်နေကြောင်း၊ ရခိုင်ပြည်နယ်မှ NLD အဖွဲ့ဝင်အချို့သည် ရခိုင့်တော်လှန်ရေးကို ဖျက်ဆီးနေကြောင်း၊ NLD နိုင်ငံရေးသမားများသည် ရခိုင်ပြည်သူလူထုအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို လွှတ်တော်တွင် စကားမဆိုဘဲ နှုတ်ဆိတ်နေကြောင်း ဖော်ပြပါရှိသည်။

မတရားဖမ်းဆီးထားသော နိုင်ငံရေးသမားများ၊ အပြစ်မဲ့ရခိုင်ပြည်သူများနှင့် ငြမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသော ကျောင်းသားများအား  အမြန်ဆုံးပြန်လွှတ်ပေးမည်ဆိုပါက အဆိုပါ ကိုယ်စားလှယ်လောင်း သုံးဦးကို ပြန်လွှတ်ပေးမည်ဟု ဖော်ပြပါရှိသည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရမှ ကြေညာထားသော်လည်း ၎င်းတို့ဘက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်း AA ၏ ယနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရက ဖမ်းဆီးထားသည်ဟူသောသူများမှာ စစ်သုံ့ပန်းမဟုတ်ဘဲ ဥပဒေကြောင်းအရ တရားရုံး၌ တရားစွဲဆိုခံရပြီး ခုခံချေပခွင့်လည်း ရရှိခဲ့ကြောင်း၊ ဥပဒေနှင့် ငြိစွန်းသည်ဟု တရားသူကြီးက ဆုံးဖြတ်ကာ အရေးယူခံထားရသူများသာ ဖြစ်ကြောင်း NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

ထို့အတူ AA က ဖမ်းဆီးထားသည့် NLD ကိုယ်စားလှယ်လောင်းများမှာလည်း ဥပဒေအရ ၎င်းတို့ ရပိုင်ခွင့်ရှိသည့် မဲဆွယ်စည်းရုံးရေးကို ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပြီး စစ်သုံ့ပန်းများမဟုတ်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

“စစ်သုံ့ပန်းမဟုတ်တဲ့သူတွေကို လဲလှယ်ခြင်းပြုဖို့အတွက် ဓားစာခံသဘောမျိုး ဖမ်ဆီးတောင်းဆိုခြင်းဟာ လုံးဝမသင့်တော်တဲ့အတွက် သူတို့ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာထားသည့်အတွက် NLD ကဲ့သို့ နိုင်ငံရေးပါတီအနေဖြင့် တိုက်ရိုက်ဆက်သွယ် ညှိနှိုင်းခြင်းလည်း ပြုလုပ်ခွင့်မရှိဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။ AA သည် NLD ကိုယ်စားလှယ်လောင်းများကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသွားသည်ဟု သံသယရှိသော်လည်း ရွေးကောက်ပွဲအပေါ် သက်ရောက်မှု မရှိရန် မျှော်လင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးမင်းအောင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်ကာ လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဒေါ်နီနီမေမြင့်သည်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဖမ်းဆီးခံထားရသော ကိုယ်စားလှယ်လောင်း သုံးဦးနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၏ အစ်မဖြစ်သူ ဒေါ်အေးအေးငြိမ်းက အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အစိုးရက ညှိနှိုင်းပေးရန် Myanmar Now ကို ပြောသည်။

” ဘာပဲပြောပြော စိတ်သက်သာရာလေးတော့ ရတပေါ့နော်။ ဘာပဲဖြစ်ဖြစ် စိတ်ပူနေတာ။ ပြန်လွှတ်လာရင်တော့ အတိုင်းမသိပေါ့။ အမြန်ဆုံးလည်း လွတ်မြောက်လာစေချင်တယ်။ အမြန်ဆုံးလည်း လွှတ်ပေးပါလို့ တောင်းဆိုချင်တာပါ ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၏ အစ်မဖြစ်သူ ဒေါ်အေးအေးငြိမ်းက ပြောသည်။

” အစိုးရကိုလည်း ဘယ်လိုပဲဖြစ်ဖြစ် ညှိညှိနှိုင်းနှိုင်းလေး လုပ်စေချင်တယ်။ အစိုးရဘက်ကလည်း လုပ်နိုင်သလောက်ကို လုပ်ပေးပေါ့။ အဲလိုမျိုး ဖြစ်စေချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ၏ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုလည်း ချင်းပြည်နယ်၊ ပလက်ဝ မှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့အသွား ပွေ့ကုန်းအမည်ရှိနေရာတွင် ၂၀၁၉ ၊ နိုဝင်ဘာ ၃ က AA ဘက်က ဖမ်းဆီးသွားခဲ့ပြီး ဇန်နဝါရီ ၂၁ တွင် ပြန်လွှတ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကမူ အကြမ်းဖက်သော လုပ်ရပ်အဖြစ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ဖမ်းဆီးခံရပြီး သုံးရက်အကြာ အောက်တိုဘာ ၁၇ တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ အောက်တိုဘာ ၁၉ ၊ နေ့လယ် ၁ နာရီခွဲခန့်ကလည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး လူအင်အား ၅၀ ကျော်ခန့်က အစိုးရနှင့်တပ်မတော်ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထိုသို့ လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်နေစဥ် ကျောင်းသားလေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး စစ်တွေအမှတ် ၂ ရဲစခန်းက ရှေ့ လမ်းမကြီးကိုလည်း လုံခြုံရေးတင်းကျပ်ကာ အသွားအလာကန့်သတ်ထားသည်။

Myanmar Now